စစ်ဘီလူးနှစ်ကောင် ချကြသည့်အခါ

သမိုင်း Oct 09, 2019

ကိုရန်နိုင်စာအုပ် review ရေးတာ ဖတ်ပြီးတော့ ကိုယ်လည်း ဖတ်ပြီးတဲ့စာအုပ် review ရေးမယ် ကြံပြန်တော့ ကိုယ်နောက်ဆုံးဖတ်ခဲ့တဲ့ စာအုပ်နဲ့က အတော်ဝေးသွားပြီးဆိုတော့ သိုးဆောင်းလို ရေးဖူးတဲ့ recap ကိုပဲပြန်ဖတ်ပြီး အခုတွေးမိတာနဲ့ ပေါင်းပြီး ဆားချက်လိုက်ရပါတယ်။

ကျောင်းတုံးက ကျောင်းစာ ဖတ်ရတာ ပျင်းသလို အလုပ်ရောက်တော့လည်း အလုပ်နဲ့ပတ်သက်လို့ လိုအပ်တဲ့စာအုပ် ဖတ်ရတာထက် ကျန်တဲ့ စာအုပ်ဖတ်ရတာက အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်။ အနည်းဆုံးတော့ ဖတ်နေရင်းနဲ့ အိပ်မပျော်တော့ဘူးပေါ့။ ဒီစာအုပ်ကြပြန်တော့ ကျောင်းစာအုပ်ဖတ်သလိုမျိုး Chapter တစ်ခုပြီးတိုင်း recap ပြန်ရေးပြီး ဖတ်တော့ အတော်ပျင်းပေမယ့် ကောင်းတာကတော့ နှစ်ထပ်ရှိတော့ ပိုမှတ်မိတာပါပဲ။ တစ်အုပ်လုံးတော့ မဟုတ်ပေဘူးပေါ့။

မှတ်မှတ်ရရ ဒီနှစ်ထဲမှာ ဒုတိယ ဖတ်ဖြစ်တဲ့ စာအုပ်ပါ။ ပထမ စာအုပ်က Richard Ovary ရေးတဲ့ Russia War ။ နှစ်အုပ်လုံးက ကျွန်တော် follow လုပ်ဖြစ်တဲ့ youtuber က ညွှန်းလို့ ဖတ်ဖြစ်တာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်က Eastern Front လို့ပြောရမယ့် ရုရှားနဲ့ ဂျာမနီတို့ စစ်မျက်နှာပြင် အကြောင်း သမိုင်းစာအုပ်ပါ။  Russia War ကတော့ အဲဒီကာလအတွင်းမှာဖြစ်ပျက်ခဲ့တဲ့ စတာလင်တို့ ဟစ်တလာတို့ရဲ့  သံတမန်ဆက်ဆံရေးတွေ၊ စစ်ရေးပြင်ဆင်မှုတွေနဲ့ စစ်အတွင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ပါပါပေမယ့် ယခုစာအုပ်ဖြစ်တဲ့ When the titans clash ကြတော့ စီးပွားရေးအခြေအနေနဲ့  စစ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ တပ်တွေရွှေ့တဲ့ အပိုင်း ၊ ဗျူဟာ နဲ့ပတ်သက်တာတွေ ပါတယ် ဆိုတော့ ဖတ်ရတာ မတူပါဘူး။ မြေပုံဖတ်ပြီး တပ်တွေရွှေ့တာကို ဖတ်ရတာ အသားမကျသေးရင်တော့ နည်းနည်းခက်ပေမယ့် ကျင့်သားရသွားရင် ပုံမှန်ပါပဲ။  အခက်အခဲကတော့ စာအုပ်သေးသေးလေးမှာ ရှုပ်ထွေးလှတဲ့ မြေပုံကို ဖတ်တာ အာရုံနောက်ပေမယ့် ဒီလင့်မှာရှိတဲ့ မြေပုံအကြီးနဲ့တွဲဖတ်ရင် သိပ်မခက်တော့ပါဘူး

ပုံမှန်အားဖြင့် မြန်မာပြန်တဲ့စာအုပ်ထဲမှာ သိရသလောက် နာဇီဂျာမနီ ဘက်ကို အလေးပေးတဲ့ စာအုပ်တွေ များပေမယ့် သမိုင်းလိုမျိုး တိတိကျကျနဲ့ အကိုးအကားစာအုပ်က ရှားပါတယ်။

ဒါအပြင် ဒီစာအုပ်နှစ်အုပ်လုံးက ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် archive ထဲက အများပြည်သူကို ချပြတဲ့ record တွေကိုပါ အထောက်အထားပြု  ယခင်ရှိပြီးသား အနောက် ဂျာမနီက မှတ်တမ်းတွေနဲ့ နှစ်ခုယှဉ်ပြီး ရေးထားတာ ဆိုတော့ ပိုခိုင်မာတယ်လို့ ပြောလို့ရပါတယ်။

ဒီစာအုပ်မှာ ပိုင်းခြားလို့ရတာကတော့ ဒုတိယကမ္ဘာ စစ်ကြိုခေတ် ၊ စစ်ပွဲတွင်း  စစ်ဦး ၊ စစ်လယ်နဲ့ စစ်နှောင်း ကာလများဆိုပြီး ပိုင်းခြားထားပါတယ်။

စစ်ကြိုကာလ

ပထမဆုံး အပိုင်းမှာတော့ နှစ်နိုင်ငံလုံးရဲ့ သမိုင်းကြောင်း ၊ ဗျုဟာအယူအဆများ နှင့် အခက်အခဲများကို ယှဉ်ပြထားတာဖြစ်ပါတယ်။ ဂျာမန်စစ်တပ် (Wehrmacht) ဘက်မှာဆိုရင် ပထမကမ္ဘာစစ်ကို ရှုံးရတဲ့ အကြောင်းအရင်းက ခံစစ်အနေနဲ့ အသားပေးတိုက်ခဲ့လို့ ယူဆပြီး ကြားကာလမှာ “Blitzkrieg” လိုမျိုး တိုက်စစ် အသားပေးတဲ့ နည်းဗျုဟာ ဟာ တပ်တွင်းအသိုင်းအဝိုင်းမှာ ခေတ်စားလာပါတယ်။ ဒီနေရာမှာ “Blitzkreig” ဆိုတဲ့ စကားလုံးက Wehrmacht မှာ အသုံးပြုတဲ့ စကားလုံးမဟုတ်ပေမယ့်  ဂျာမန်တွေရဲ့ တိုက်စစ်ကို ခြုံပြီး အလွယ်ပြောလို့ ဒီစကားလုံးကိုပဲ သုံးပါရစေ။ တချိန်တည်းမှာ ရုရှားတွေအနေနဲ့ အရင် ဇာဘုရင်တွေ လက်ထက်ကတည်းက ခေတ်ဆန်းလာတဲ့ Deep Defense နည်းဗျူဟာ (ဆင့်ကာ ဆင့်ကာ အထပ်ထပ် ခုခံတိုက်ခိုက်သည့် စနစ်) ကို အသားပေးလာသောလည်း ဘုရင်စနစ် ပျက်သုန်းပြီး ကွန်မြူနစ်ပါတီ အာဏာရလာသော အခါ ပထမဆုံး အနေနဲ့ စစ်တပ်ရဲ့ အာဏာကို ထိန်းချုပ်တဲ့အနေနဲ့ အုပ်ချုပ်သည့် အနေဖြင့် ရာထူးအဆင့်ဆင့်တိုင်းမှာ နိုင်ငံရေးအရာရှိများကို ထည့်သွင့်း အမှုထမ်းခိုင်းလေသည်။

ထိုအပြင် ၁၉၃၆ မှ ၁၉၃၈ နှစ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ၈၀ ရာခိုင်နှုန်းသော အထက်တန်းနှင့် အလယ်တန်း အဆင့် တပ်မတော်မှ အရာရှိများကို ဖြုတ်ထုတ်သတ် လုပ်ခဲ့ပြီး လစ်လပ်နေသော ရာထူးများကို အငယ်တန်းအရာရှိများဖြင့် အစားထိုးရန် ကြိုးပမ်းသော်လည်း အတွေ့အကြုံမယ်မယ်ရရ မရှိကြသေးပင်။

ထိုပြဿနာ ကို  မျက်ဝါးထင်ထင်ပေါ်လာသည့် အဖြစ်အပျက်သည်ကား ၁၉၃၉-၁၉၄၀ တွင်ဖြစ်ပွားသည့် ဖင်လန်နှင့် ရုရှား တို့ အကြား karelia နယ်မြေအငြင်းပွားမှုမှ ဖြစ်ပွားသည့် Winter War ဖြစ်သည်။ မိမိတို့ထက် အင်အား အဆမတန် သေးငယ်သည့် ဖင်လန်စစ်တပ်ကို ဆိုးဆိုးရွားရွား အကျအဆုံးများသည့်အတွက် စတာလင် အနေဖြင့် တပ်နီတော်ကို အားသွန်ခွန်စိုက် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။

ထိုအချိန်တွင် ယခင်က ခေတ်စားခဲ့သော Deep Defense နည်းဗျူဟာကို ခေတ်နဲ့အညီ ပြုပြင်အသက်သွင်းရန် ပြင်ဆင်လျှက်ရှိသည်။

စစ်ဦးကာလ

၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက်တွင် Wehrmacht မှ Barbarossa စစ်ဆင်ရေးကို စတင်ခဲ့သည်။ အစောပိုင်း စစ်ဆင်ရေးသည် အောင်မြင်လွန်းသဖြင့် တဖက်သတ် လူသတ်ပွဲကဲ့သို့ပင်ဖြစ်သည်။ မော်စကိုနှင့် ရှေ့တန်း အဆက်အသွယ်က ဆိုးရွားသည့်အပြင် စစ်အတွက် ပြင်ဆင်မှုမှာလည်း အလုံအလောက်မဖြစ်သည့်အတွက် သန်းပေါင်းများစွာသော သူတို့အတွက် ကပ်ဘေးဆိုက်ခဲ့ရသည်။ ပိတ်မိနေသည့် နေရာပေါင်းများစွာကပင် ရုရှားတပ်များသည် အသည်းအသန်ခုခံနေရသည်။ Brest နှင့် Prememyshl လို ရဲတိုက်များကို သိမ်းနိုင်ရန် ရက်သတ္တပတ်များစွာ ကြာမြင့်သဖြင့် တဖက်ကပင် အံ့ဩခဲ့ရသည်။ စစ်မြားဦး တစ်ခုလုံး ဒီနီဗာ မြစ်နားတွင် တန့်သွားပြီး ဗိုလ်ချုပ် တီမိုရှန်ကို ဦးဆောင်၍ ပြန်လည်တိုက်ခိုက်နိုင်ပြီး နေရာတချို့ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ ထိုကာလတွင် ထူခြားပြီး လူသိများလှသော Brody တင့်ကားတိုက်ပွဲလိုမျိုးက ဂျာမန်များသည် တိုက်၍လုံးဝ မရသည်မဟုတ်ဟု သင်ခန်းစာရခဲ့သည်။ ထိုကာလများတွင် ဆိုဗီယက်အနေဖြင့် အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်မှုများ အတော်လေးမြန်ဆန်သည် ဟု ဆိုရမည်။ ထိုအချိန်တွင် စတာလင်မှ ခေါင်းဆောင်သည့် ဗဟိုအုပ်ချုပ်ရေးကော်မတီ (Stavka) ကိုဖွဲ့စည်းပြီး အရေးပေါ် စက်ရုံအလုပ်ရုံများကို အနောက်ဘက်သို့ ရွှေ့ပြောင်းနိုင်ရေး ၊ စက်မှုအသုံးချ နှင့် ခြေလျင်တပ်ရင်းများ အမြောက်အမြား ဖွဲ့စည်းခြင်း၊ တပ်မများ ပြန်လည်အားဖြည့်ခြင်းနှင့် အသစ်တည်ထောင်ခြင်း ကို အလျင်အမြန်လုပ်ဆောင်နိုင်ခဲ့သည်။

ထိုသို့အလျင်အမြန်တည်ထောင်နိုင်ရခြင်း ၏ အဓိက အကြောင်းအရင်းများကို ဆန်းစစ်လျင် ပြည်သူလူထုကို အဓမ္မခိုင်းစေ၍ အင်အားအပြည့်အဝ အသုံးချနိုင်သည် သက်သက်သာ မဟုတ်ပဲ၊ နည်းပညာရှုထောင့်မှ ကြည့်ပါက ဆိုဗီယက် စက်မှုလက်မှု ပစ္စည်းများသည် ရိုးရှင်းသဖြင့် ဖြုတ်ရတပ်လွယ်ကူသည်ကလည်း အရေးပါသည်ဟု သိထားရသည်မှာ စိတ်ဝင်စားစရာ တစ်ခုဖြစ်သည်။

ဂျာမန်လက်နက် ထုတ်လုပ်ရေးပုံစံမှာ ထိုသို့မဟုတ်ပေ။ တင့်ကားနှင့် အခြားလက်နက်များ ဒီဇိုင်းမှာ မကြာခဏ ပြောင်းလဲလေ့ရှိသလို လက်တွေ့စစ်မြေပြင်တွင် အစွမ်းပြနိုင်ရန် ရှုပ်ထွေးသော ပုံစံများကို အခြေခံထားလေ့ရှိသည်။ ဆိုဗီယက်မှာမူ ခပ်ရိုးရိုးနှင့် အမြောက်အများထုတ်နိုင်ရန် အာရုံထားလျက်ရှိသည်။

ထိုအချိန်တွင် ဂျာမန်ဘက်မှ သယ်ယူပို့ဆောင်ရေးပြဿနာနှင့် စစ်ကျွံနေခြင်းကြောင့် ဇူးကော အနေဖြင့် မြစ်တစ်ဖက်ကမ်းသို့ အတော်အသင့် အောင်မြင်မှုဖြင့် မောင်းထုတ်နိုင်ခဲ့သည်။ ထိုအောင်မြင်မှုကြောင့် စတာလင် တစ်ယောက် အတော် ယုံကြည်မှုလွန်ကဲခဲ့ပြီး ဗိုလ်ချုပ် မီရီစကော့ ကို လက်ကျန်အင်အားဖြင့် တက်တိုက်ခိုင်းရာ အဝိုင်းခံပြီး နောက်ဆုံး လက်နက်ချခဲ့ရသည်။ နောက်ပိုင်းတွင် ရုရှားလွတ်မြောက်ရေးတပ်မတော် ဟု ရုပ်သေးစစ်တပ်တစ်ခု ဖွဲ့စည်းကာ ဆိုဗီယက်ကို ပြန်တိုက်ခိုင်းလေသည်။ တချိန်တည်းမှာပင် ဟစ်တလာသည်လည်း စတာလင်ကဲ့သို့ ခေါင်းမာပြီး ဆုတ်ခွာမိန့် မပေးသည် ခေါင်းဆောင်တစ်ယောက်ပင်။ ထိုကြောင့်  ခံတပ်စီမံနိုင်ရန် နေရာနှင့် အချိန်မရသဖြင့် တဖြည်းဖြည်း လူနှင့် နေရာများ လျော့ရဲလာသည်။

၁၉၄၂ နွေဦးကာလ နောက်ပိုင်းတွင် နှစ်ဖက်စလုံး နွေတွင် စစ်ဆင်နိုင်ရန် ပြင်ဆင်လျက်ရှိရာ ဆိုဗီယက် မှ အရာရှိများမှ အသေးစားစစ်ဆင်ရေး တစ်ခု ဆင်နွဲရန် တင်ပြသော် စတာလင်မှာ သဘောကျသော်လည်း ဇူးကော့ အနေဖြင့် အင်အာဖြုန်းတီးရာရောက်သည်ဟု ငြင်းဆန်လိုက်လေသည်။ သို့သော် တီမိုရှန်ကို ၏ စစ်ကြောင်းနှစ်ကြောင်းဖြင့်စခဲ့သည်။ Stavka ၏ အကန့်အသတ်များဖြင့် စစ်ဆင်ရေးသည် သေးသေးနှင့် မြောက်ဘက် တစ်နေရာထဲကို ဦးစားပေး တိုက်ခိုက်ခဲ့ပြီး တဖြည်းဖြည်းဖြင့် ဂျာမန်များ၏ တန်ပြန်အသုံးချ တိုက်ခိုက်ခြင်းကို ခံရသည်။ ထို တန်ပြန်စစ်ဆင်ရေးကို  နောင်တချိန် ရုရှားသမိုင်းပညာရှင်များက ဒုတိယ Kharkov တိုက်ပွဲဟုသတ်မှတ်ကြသည်။

Barbarossa အောင်မြင်သဖြင့် ဂျာမန်ဗဟို မှ မည်သည့်နေရာကို ခြေလှမ်းလှမ်းရန် ဆွေးနွေးကြသော် ဗိုလ်ချုပ်များက မြို့တော်ကို အလျင်အမြန်ရလိုသည်။ ဟစ်တလာမှာ တောင်ဘက်ခြမ်း Caucasus တွင်ရှိသည့် ရေနံတွင်းများကိုခြေကုပ်ယူလိုသည်။  ထိုကြောင့် အပြာရောင်စစ်ဆင်ရေး သည် ထိုရေနံတွင်းများကို ရယူနိုင်ရန် ကြိုးပ်မ်းမှုဖြစ်ပြီး အဆင့်သုံးဆင့်ပါရှိသည်။

ပထမ နှင့် ဒုတိယ အဆင့်များ အောင်မြင်သော်လည်း တတိယ အဆင့်ဖြစ်သည့် စတာလင်ဂရက်မြို့မှာ အမှတ် (၆) တပ်မတော် နှင့် ၎င်း၏ ဝန်းရံတပ်မတော်များ ၏ အပြင်းအထန် တိုက်ခိုက်မှုများနှင့် ဂျာမန် လေတပ်မတော် (Luftwaffe) ၏ ဆိုးဆိုးရွှားရွှား ဗုံးကြဲမှုများ အကြား ကြံ့ကြံ့ခံလျက်ရှိသည်။

စစ်လယ်ကာလ

အပြာရောင်စစ်ဆင်ရေး ကသိုက်ကရိုက်နဲ့ ပြီးသွားချိန်မှာ ကံကြမ္မာမှာ စတာလင်ဘက်သို့ မျက်နာသာပေးလာသည်ဟု ဆိုရမည်။ Stavka မှ Uranus နှင့် Neptune (နောက်ပိုင်းတွင် Mars ဟု အမည်ပြောင်းလဲ) စစ်ဆင်ရေးကြီး များအတွက် ပြင်ဆင်နေလျက်ရှိသည်။ အဆိုပါ အစီအစဉ်ကြမ်းများကို ကြည့်ရှုပါက ဆိုဗီယက်ပြည်ထောင်စု အနေဖြင့် စစ်ဆင်ရေးများကို စက်မှုတပ်မ များကိုအသုံးချခြင်း ၊ အမျိုးအစားမတူသော လက်နက်များဖြင့် ပေါင်းစပ်ပစ်ခတ်ခြင်း၊ အချိန်ကိုက်တိုက်ခိုက်ခြင်း စသည့် ရှုပ်ထွေးသော လှုပ်ရှားမှုများကို စီမံနိုင်သည်ကို တွေ့ရှိရပေမည်။ Uranus စစ်ဆင်ရေးကြောင့် စတာလင်ဂရက် မြောက်ပိုင်းရှိ ဝင်ရိုးတန်းနိုင်ငံများ၏ စစ်တပ်များကို ဝိုင်းရံထားနိုင်သော်လည်း ဒုတိယ စစ်ဆင်ရေးမှာ မျှော်မှန်းသလောက် မအောင်မြင်ခဲ့။ နောက်ပိုင်း ရုရှားမှ ထုတ်ပြန်သော သတင်းအချက်အလက်များမှ အရမူ ၊ Mars စစ်ဆင်ရေးမှာ Uranus စစ်ဆင်ရေး အတွက် အာရုံပြောင်းခြင်းသက်သက်ဖြစ်သည်။ Uranus စစ်ဆင်ရေးမှာ အလွန်အမင်း အောင်မြင်သဖြင့် ဆိုဗီယက်အနေဖြင့် မူလစီစဉ်ထားသည့်အတိုင်း Saturn စစ်ဆင်ရေး ကို မစောင့်ဆိုင်းတော့ပဲ ရှိသမျှအင်အားဖြင့် ချုံ့ကာ Little Saturn စစ်ဆင်ရေးကို အလျင်အမြန်အသက်သွင်းခဲ့သည်။

သို့သော်လည်း အစောပိုင်း ခဏသာ အောင်မြင်မှုရ၍ ဂျာမန် စစ်သေနာပတိချုပ်  ဗွန်မန်းစတိုင်း မှ Donz စစ်ဆင်ရေးဖြင့် ပြန်တိုက်ထုတ်၍ အရှိန်ကုန်သွားလေသည်။ ၎င်းကို ဂျာမန်များဘက်မှ Donet စစ်ဆင်ရေးဟု သိထား၍ ရုရှားဘက်မှ မူ တတိယ Kharkov တိုက်ပွဲဟု မှတ်ယူထားသည်။ မထင်မှတ်ပဲ အောင်မြင်မှု အကြီးအကျယ်ရ၍ မန်းစတိုင်း မှာ Kursk အနီးရှိ သိသိသာသာ ကျွံဝင်နေသည့် ရန်သူကို ဝိုင်းရန် ကြံတော့သည်။ ထိုအချိန်တွင် Wehrmacht မှာလူအင်အားနှင့် သယံဇာတမှာ ယခင်ကလောက် မတောင့်တင်းတော့ပေ။

ထိုစစ်ဆင်ရေးမှာ အရင်အနှီးကြီးသော်လည်း ဟစ်တလာကို ညှိ၍ရသဖြင့်မြောက်ဘက် Voronezh နှင့် အလယ်ပိုင်း စစ်မျက်နှာမှ လည်းကောင်း တောင်ဘက် ဒီနီဗာ မြစ်မှ Kursk သို့ ညှပ်တိုက်ရန် စီစဉ်သည်။ ဆိုဗီယက်ဘက်မှ ထိုအစီအမံကို ကြိုသိသဖြင့်  တင့်ကားမိုင်းများ၊ ခံတပ်အဆင့်ဆင့် တင့်ဖျက်အမြောက်များ နှင့်  နှစ်ဆခန့်ရှိသော အင်အားဖြင့် စီးကြို ခံတိုက်ရာ အကြီးအကျယ်ရှုံးနိမ့်သည်။

စစ်နှောင်းကာလ

ယူကရိန်းကို ပြန်သိမ်းနိုင်ပြီးနောက်ပိုင် ဆိုဗီယက်အနေဖြင့် Bagration စစ်ဆင်ရေးအတွက်ပြင်ဆင်နေသည်။ ထိုစစ်ဆင်ရေးမှာ Kursk နောက်ပိုင်းတွင် ဆုံးရှုံးသွားသော အမှတ် (၆) တပ်မတော်နှင့် ၎င်း၏ မဟာမိတ်တပ်များကြောင့် အင်အားယုတ်လျော့နေသော အလယ်ပိုင်း စစ်ဌာနချုပ်ကို ဝိုင်း၍ အပြုတ်တိုက်နိုင်သည့် စစ်ဆင်ရေးဖြစ်သည်။ NKVD ထောက်လှမ်းရေးမှာလည်း ထိုအချိန်တွင် အလွန်အထောက်အကူပြုပြီး ရန်သူသတင်းများရယူနိုင်ရုံသာမက သတင်းအမှားများပါ ဖြန့်ပေးနိုင်သည့် အထိ အရှိန်အဝါကြီးလာတော့သည်။ ထိုအချိန်တွင် ရန်သူများအနေဖြင့် ဆိုဗီယက်သည် တောင်ပိုင်းစစ်ဌာနချုပ်ကို အာရုံထားနေသည်ဟု အမှန်ပင်ယုံကြည်နေခဲ့သည်။ ထိုကြောင့် တကယ်တမ်း တပ်များရွှေ့လာသည့် အခါ တုံ့ပြန်ရန် နောက်ကျနေခဲ့ပြီး တဖြည်းဖြည်း အင်အားသာလွန်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုအခါ ဆိုဗီယက်မှ အလယ်ပိုင်းစစ်ဌာနချုပ်မရှိသည့် နေရာလွတ်များကို  အသားစီယူ၍ ဘောလတစ်ကမ်းခြေအထိ ဂျာမန်တပ်များကို မောင်းထုတ်နိုင်ခဲ့သည်။ စစ်သေနာပတိ နေရာတွင် မန်းစတိုင်း အစား ဆင့်ကဲခုခံသည့် ဗျုဟာကိုကျွမ်းကျင်သည့် ဝယ်သာ မိုဒယ် ကို အစားထိုးခဲ့သည်။ ထိုအချိန်တွင် ဆိုဗီယက်ဘက်မှ ဂျာမန်၏ အရံအင်အားစုနိုင်ငံမျာကို သိမ်းပိုက်၍ လွတ်လပ်ရေး ရယူပေးရန်ကြိုးပမ်းနေသည်။

တချိန်တည်းတွင်ပဲ ဗြိတိသျှနှင့် မဟာမိတ်တပ်ပေါင်းစုများကလည်း နော်မန်ဒီတွင် ဆိုက်ကပ်လာသ်ည့နောက်ပိုင်း အာဒန်းတွင် တပ်စခန်းချနေသည်။ ယခင် ပရပ်ရှန်း အင်ပါယာ နယ်နမိတ်အတိုင်းသာ ဂျာမနီအနေဖြင့် ကျန်တော့ပြီး ထိုနေရာများသည်ပင် ဘီလာရုရှန်းနှင့် ယူကရိန်း စစ်မျက်နာများမှ အသည်းအသန်ထိုးဖောက်သဖြင့် အကျအဆုံးများလှသည်။

ထိုအချိန်တွင် တဖြည်းဖြည်း နောက်ဆုံးတွင် ဘာလင်သာ ကျန်တော့မည် ဖြစ်သည်။ Stavka အနေနဲ့လည်းအပြီးသတ် စစ်မျက်နာ အတွက် သေချာစီစဉ်နေပြီး စတာလင်မှလည်း ဗိုလ်ချုပ်ကြီးနှစ်ဦးဖြစ်သော ဇူးကောနှင့် ကိုနပ် နှစ်ဦးလုံးကို အပြိုင်အဆိုင်ဖြစ်ရန် အားပေးသည်။ ထိုကာလတွင် အမြောက်အမြားကျဆုံးရသည့် အကြောင်းအရာ ထိုနှစ်ယောက်ပြိုင်၍ တက်ခြင်းကြောင့်လည်းပါသည်။ ဆိုဗီယက်မှ ဘာလင်ကို သိမ်းပြီးနောက်ပိုင်းတွင် မြောက်ဘက်စစ်ဌာနချုပ်ကို သိမ်းရန် ပါရာဂွေးသို့ တက်သွားသည်။

အချုပ်အားဖြင့် ပြောရရင် ဒီစာအုပ်က စစ်သမိုင်း ၊ အထူးသဖြင့် Eastern Front ကိုစိတ်ဝင်စားတဲ့သူတွေ ဖတ်သင့်တဲ့ စာအုပ်ပါ။ ကျွန်တော်ဖတ်ခဲ့တဲ့ အစီအစဉ်အတိုင်း Richard Ovary ရဲ့ စာအုပ်ဖတ်ပြီး ဒီစာအုပ်ဖတ်တယ်ဆိုရင် ပိုကောင်းပါတယ်။ ဒါအပြင် ဒီစာအုပ်ကို ညွန်းတဲ့ TheImperatorKnight ရဲ့ မြေပုံရှင်းလင်းသုံးသပ်ချက် ဗီဒီယိုများနဲ့တွဲကြည့်ရင် ပိုရှင်းပါလိမ့်မယ်။

Kelvin Morris

Programmer, Coffee lover, Gamer, Otaku and Bookworm