နီပွန်ပြည်သို့ ခရီးသွားခြင်း

လက်ရှိသွားခဲ့ဖူးတဲ့ ခရီးတွေထဲမှာ အကြိုက်ဆုံးကိုပြောပါဆိုရင်တော့ ဂျပန်ပဲ။ ရာသီဥတုကော၊ ရိုးရာယဉ်ကျေးမှုကော၊ လူ့အသိုင်းအဝိုင်းကော အားလုံးက ကိုယ့်အကြိုက်တွေချည်းပဲ။ တစ်ချို့ သူငယ်ချင်းတွေပြောလေ့ရှိတာက "မင်းက ဂျပန်လိုတတ်တော့ သွားရတာလွယ်တာပေါ့၊ ငါတို့မှမတတ်ပဲ။" ကျွန်တော်လဲ အစက အဲ့လိုထင်ခဲ့ဖူးတယ်။ သူ့ဘာသာစကားကို မတတ်ရင် တစ်ယောက်နဲ့တစ်ယောက်ဘယ်လို ပြောဆိုဆက်ဆံရမလဲဆိုတာကို မသိတော့ အဲ့ဒီစိတ်နဲ့ပဲ မသွားဖြစ်ခဲ့ဘူး။ ဒါပေမယ့်လည်း တစ်ခေါက်ရောက်ဖူးသွားရင် အဲ့ဒီစိတ်တွေက လုံးဝကို ပျောက်သွားပါလိမ့်မယ်။ ဘာသာစကားဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်ကို နားလည်အောင်ကူညီပေးတဲ့ အရာတစ်ခုပါ၊ ကိုယ်ပြောချင်တာကို သူနားလည်၊ သူပြောတာကို ကိုယ်နားလည်နေရင် ပြီးတာပါပဲ။

အခုအချိန်ထိ မြန်မာနိင်ငံပက်စ်ပို့တွေက ဂျပန်ကို ဗီဇာကွင်းလွတ်ခွင့်မရှိသေးတော့ သံရုံကိုသွားပြီးတော့ ဗီဇာလျှောက်ထားဖို့လိုမယ်။  လျှောက်ထားတဲ့နေရာမှာ သက်တမ်း အနည်းဆုံးခြောက်လကျန်တဲ့ ပက်စ်ပို့ရယ်၊ သူပြောထားတဲ့လိုအပ်တဲ့ စာရွက်စာတမ်းတွေပါတယ်ဆိုရင် သံရုံးမှာ ဘယ်လောက်မှ မကြာပါဘူး။ တော်တော်များများတွေ့ဖူးတာက သံရုံးရောက်မှ ဟိုစာရွက်မပါ  ဒီစာတမ်းမပါနဲ့ သံရုံးက ဝန်ထမ်းတွေကို ဟိုပြောဒီပြောလုပ်နေကြလို့ကြာတာများပါတယ်။ ကျွန်တော်ကတော့ အလည်အပတ်ပဲသွားတာဆိုတော့ အဓိက hotel booking နဲ့ လေယာဉ်လတ်မှတ်ရယ်၊ ကိုယ်လက်ရှိအလုပ်လုပ်နေတဲ့ company ရဲ့ထောက်ခံစာနဲ့တင် လုံလောက်တယ်။ ပြီးတော့ ကိုယ့်ဘဏ်အကောင့်ကိုလည်း တင်ရတယ်။ နောက်ဆုံး သုံးလရဲ့ ငွေဝင်ငွေထွက် စာရင်းပေါ့။ တစ်ချို့တွေကျတော့ ဗီဇာလျှောက်တော့မယ်ဆိုမှ အသိအမျိုးတွေစီကနေပြီးတော့ ပိုက်ဆံတွေချေးပြီး ဘဏ်ထဲထည့်လိုက်တော့ အဝင်အထွက်မှာ အရမ်းသိသာနေရင်လည်း ဗီဇာ မရတတ်ဘူး။ တကယ်တမ်း သူ့ဝက်ဘ်ဆိုင်ဒ်မှာ ပြောထားတာတွေကို ကိုယ့်ဘက်က ပြင်ဆင်လာတယ်ဆိုရင် စာရွက်စာတမ်းစစ်ပြီးတာနဲ့ ဗီဇာ လာပြန်ယူရမယ့်ရက်ကို တစ်ခါထဲ ပြန်ချိန်းပေးလိုက်တယ်။

Cherry blossoms in Kyoto
Photo by Agathe Marty / Unsplash

ကိုယ့် ဘက်ဂျက်အပေါ်မူတည်ပြီး ဘယ်နှစ်ရက်နေမယ်။ ဘယ်တွေတော့ သွားမယ်ဆိုတာတွေကို မသွားခင်ကတည်းက ကြိုပြီး စီစဉ်ထားသင့်တယ်။ အသိရှိလို အသိရဲ့ အခန်းမှာသွားနေရင်ကတော့ သိပ်ပြဿနာမဟုတ်ဘူး။ အဲ့လိုမှမဟုတ်ရင်တော့ ကိုယ်သွားမယ့်နေရာအပေါ်မူတည်ပြီး ဟိုတယ် booking လုပ်ရတာတွေ၊ တစ်ချို့နေရာတွေဆိုရင် entry ticket တွေကြိုဝယ်ရတာတွေရှိတယ်။ ဟိုတယ် booking ရှိမှလည်း အပေါ်မှာပြောထားသလို သံရုံးက ဗီဇာထုတ်ပေးမှာကိုး။ သွားမယ်ဆိုတဲ့နေရာမှာလည်း တိုကျိုမှာ ဘယ်နှစ်ရက်နေမယ်၊ တိုကျိုပဲသွားမှာလား။ အိုစာကာတို့ ကျိုတိုတို့ကိုပါသွားမယ်ဆိုရင် ရက်တွေပါ အသေးစစ် trip plan ဆွဲပြီးတော့မှပဲ အဲ့ဒီမြို့တွေမှာနေဖို့အတွက် booking လုပ်တာတွေက စီစဉ်ရမှာကိုး။ အရမ်းကပ်မှ လုပ်မယ်ဆိုရင် ရွေးချယ်စရာ နည်းသွားသလို၊ အဆမတန်စျေးတွေ ပေးပြီးနေရဖို့များတယ်။ ပြီးတော့ ကိုယ်သွားချင်တဲ့နေရာတွေကို ဘယ်လိုသွားလို့ရလဲ။ ရထားစီးမှာလား ဘတ်စ်ကားစီးသွားမှာလား။ တစ်ချို့နေရာတွေက ရထားဘူတာကနေ လမ်းလျှောက်သွားလို့ရပေမယ့် တစ်ချို့နေရာတွေကျတော့ အချိန်ကျ ဘက်စ်ကားနဲ့ပဲ ရောက်တာမျိုးတွေလည်း ရှိတယ်။ အဲ့ဒီတော့ ကိုယ်သွားမယ့်နေရာနဲ့ပတ်သတ်ပြီး ဘယ်လိုမျိုးသွားလို့ရတယ်ဆိုတာကို လေ့လာထားမယ်ဆိုရင် ဘယ်လိုမျိုးသွားလို့ရမလဲဆိုတာကို ကိုယ့်ရဲ့ trip plan ထဲမှာ ထည့်စီစဉ်ထားလို့ရပြီ။

ဂျပန်မှာ နွေရာသီဆိုရင် အရမ်းပူပြီး ဆောင်းရာသီဆိုရင်လည်း အရမ်းအေးတယ်။ အဲဒီတော့ ကိုယ်သွားမယ့်အချိန်နဲ့ကိုက်ညီတဲ့ အဝတ်အစားတွေကို ထုတ်ပို့ဖို့အတွက် ဘယ်လောက်အေးမယ် ဘယ်လောက်ပူမယ် ဆိုတာကတော့ ကြိုပြီးကြည့်ထားမှ။ မဟုတ်ရင် ဒီလောက်အအေးကတော့ ခံနိုင်မှာပါဆိုပြီး ရောက်တော့မှ ခိုက်ခိုက်တုန်နေရအုံးမယ်။ ဖြစ်ဖူးတယ် ကိုယ်တိုင်လည်း။ ကိုယ်က အရမ်းအအေးကြိုက်တော့ အေးဆေးပေါ့လုပ်လိုက်တာ တကယ်တမ်း အပြင်မှာနာရီပေါင်းများစွာ လျှောက်သွားနေတော့မှပဲ ခံလိုက်ရတယ်။ အေးတဲ့နောက်မှာ ဖြစ်တာက ခါးရိုးတွေ ကိုက်လာတာပဲ။ ဖြစ်နိုင်မယ်ဆိုရင် body warmer တို့ heat patch လေးတွေ ဝယ်သွားသင့်တယ်။ တကယ်အထောက်အကူဖြစ်တယ်။ တကယ်တမ်းခရီးရောက်နေတော့မှ နေမကောင်းဖြစ်ဖို့ ဘယ်မှမရောက်ဖြစ်လိုက်ဘူးဆိုရင်တော့ လုံးဝ မတန်ဘူးဖြစ်သွားမယ်။ ကိုယ်က ကျန်းမာရေးချူချာတတ်တဲ့သူမျိုးဆိုရင် ပိုပြီးတော့တောင် ဂရုစိုက်သင့်သေးတယ်။ အဆိုးဆုံးက အရမ်းအေးနေပါတယ်ဆိုမှ တစ်ခါတစ်ခါ မိုးထရွာတတ်တာပဲ။ ဖြစ်နိုင်မယ်ဆိုရင် ခေါက်ထီးတစ်လက်လောက် ဆောင်သွားသင့်တယ်။ မထည့်သွားမိဘူးဆိုရင်တောင် 7 Eleven ကနေ ခေါက်ထီးဝယ်လိုက်။ Quality လည်းကောင်းတယ်။ ကိုယ်ဝယ်ထားတဲ့ ထီးဆိုရင် အခုထိကောင်းတုန်းပဲ။ ထီးက ဘာပဲပြောပြော နေပူရင်ပဲဖြစ်ဖြစ် မိုးရွာရင်ပဲဖြစ်ဖြစ် နှင်းကျရင်ပဲဖြစ်ဖြစ် အသုံးဝင်တယ်။

Kimono girl posing behind Sakura Tree
Photo by bady qb / Unsplash

Google Maps က ကိုယ့်အတွက် အကောင်းဆုံးခရီးသွား guide ပဲ။ ဘယ်နေရာကနေ ဘယ်နေရာကိုသွားဖို့ ဘာစီးရမလဲဆိုတာကို အသေးစိတ်ရှာလို့ရတယ်။ ရထားတို့ ဘက်စ်တို့လာမည့် အချိန်တွေကိုပို အတိအကျပြောပြထားတယ်။ ဂျပန်က ရထားလိုင်းတွေဘယ်လောက် အချိန်တိကျသလဲဆိုရင် ဥပမာ 9:18 ရထားဆိုက်မယ်ဆိုရင် 9:18 အတိအကျကို ရောက်လာတယ်။ 9:15 မဟုတ်ဘူး 9:20 လဲမဟုတ်ဘူး။ စင်ကာပူရဲ့ SMRT တောင်မှ အဲ့လောက် တိကျတာမဟုတ်ဘူး။ သုံးမိနစ်ပြောရင် ၁၅ မိနစ်လောက် စောင့်ရတာမျိုး။ မိနစ် ၂၀ ပြောပြီး ၅ မိနစ်လောက်နဲ့ရောက်လာတာမျိုးတွေတောင် ရှိတယ်။ Google Maps ကို သေချာအသုံးပြုတတ်တယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ နေရာတော်တော်များများကို ဘယ်သူမှ မမေးပဲနဲ့တင် ရောက်အောင် သွားလို့ရတယ်။ ရထားဘူတာရုံတွေမှာဆိုရင်လည်း ရထားပေါ်ကဆင်းတာနဲ့ ဘယ်ကွေ့ ညာကွေ့ ပြီးရင် ဘယ်ထွက်ပေါက်က ထွက်ဆိုတာက အစ အသေးစိတ်ရေးထားတယ်။ Google Maps က ဂျပန်တင်မဟုတ်ပါဘူး။ ကမ္ဘာ့နေရာ တော်တော်များများမှာ အသုံးပြုလို့ရတယ်။ ဂျပန်လူမျိုးတွေကတော့ Google Maps သပ်မသုံးဘူး။ 乗換案内 ဆိုတဲ့ transit app ရယ် HyperDia app တွေကို အသုံးများကြတယ်။

နောက်ဆုံးပြောချင်တာကတော့ ဂျပန်နိုင်ငံတင်မဟုတ်ပါဘူး၊ ကိုရီယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် သွားချင်စိတ်ရှိဖို့ပဲလိုတာ။ ဘာသာစကားမပြောတတ်လို့၊ မသွားတတ်လို့ဆိုတာတွေက အခုခေတ်ကြီးမှာ မလိုအပ်တော့ပါဘူး။ Google Maps, Google Translate နဲ့ အင်္ဂလိပ်လို တဖက်လူနားလည်အောင် ပြောတတ်ရင် အဆင်ပြေပါပြီ။ အခုတော့ ဒီလောက်ပဲ၊ နောက်အားတော့မှရောက်ခဲ့တဲ့နေရာတွေအကြောင်းကို အသေးစိတ်ပြန်ရေးတော့မယ်။

K

Give a man a program, frustrate him for a day. Teach a man to program, frustrate him for a lifetime.