မိအေး ပျောက်ဆုံးခြင်း (သို့) အသက်သုံးဆယ် syndromes

မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကိုယ်လုပ်ယူလို့မရတဲ့ ကိုယ်မပိုင်တဲ့ အခွင့်အရေးတစ်ရပ်ကို လှမ်းမျှော်ရင်း မုန်းတိုင်းစဲရင် နေသာမယ်၊ တိမ်မဲတွေရဲ့ အနားသတ်ဟာ ငွေရောင်ဘောင်အနား ကွပ်ထားလိမ့်မယ် မျှော်လင့်နေမိတုန်းပဲ။

မိအေး ပျောက်ဆုံးခြင်း (သို့) အသက်သုံးဆယ် syndromes

ဘယ်လောက်တောင် ကြာခဲ့ပြီလဲမသိ။ မိအေးတစ်ယောက် ပျောက်ဆုံးနေခဲ့တာ။ ကိုယ့်ကိုယ်ကို ဒီကမ္ဘာကြီးထဲ ရှိသေးလားလို့တောင် မနည်းနှိုးဆွယူရတယ်။ ဒီလိုလေ မိအေး နာမည် ခေါ်သံတွေမကြားရဘူး။ ပုံမှန်လေးပဲ ကိုယ့်နေရာလေး ကိုယ်နေ။ တစ်ယောက်ယောက် စိတ်ချမ်းသာအောင် အကြိုက်နေပေးလိုက်။ ဟုတ်ကဲ့ အဆင်ပြေပါတယ်။ သိပ်မဆိုးဘူး။ ကောင်းမယ် ထင်ပါတယ်။ မိအေး ထင်မြင်ယူဆချက်တွေ ပြောပြချင်ပေမယ့် တစ်ဖက်သားမှာ စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ထုတ်မပြောဖြစ်တော့ဘူး။

မြန်မာစာတွေ၊ ဝတ္တုတွေ၊ ဆောင်းပါးတွေ ဖတ်နေရင်း ဘေးလူတစ်ယောက်ယောက်က လာပြောနေသလိုမျိုး။ ဒီအချိန် အင်္ဂလိပ်စာ များများဖတ်ရမယ်လေ မိအေးရဲ့၊ အင်္ဂလိပ်ဘာသာစကား တိုးတက်အောင်လုပ်ရမယ်။ ဒီဘက်ခေတ်မှာက ဖြန်းဖြန်းကွဲနေအောင် တော်နေမှ အလုပ်မှာ ရေရှည်ရှင်သန်နိုင်မှာ။  ညည်းလို အိညှက် အိညှက်၊ အသံကမထွက် နဲ့တော့ မလွယ်ပါဘူးအေ။ အဲ့တာတွေ ကြားယောင်မိပြီး အင်္ဂလိပ်ဝတ္တုတွေ၊ ဆောင်းပါးတွေ ကောက်ဖတ်ပြန်ရော။ George Orwell ရဲ့ 1984 ကို နားမလည်လွန်းလို့ ရပ်ထားရတယ်။  Economist ထဲက ဆောင်းပါးတွေကလည်း အဲ့လောက်တောင် နားလည်ဖို့ခက်သလားလို့။ မေးလ်ဘောက်ထဲမှာလည်း subscribe လုပ်ထားတဲ့ သတင်းဌာနတွေရဲ့ ခေါင်းစီးပိုင်းတွေအပြည့်။ အဲ့လိုနဲ့  ဟိုဟာလုပ်လည်း မဟုတ်၊ ဒီဟာလုပ်လည်း မကျေနပ်နဲ့။ ဘယ်လိုကြီးမှန်းကို မသိဘူး နေရတာက။ လုပ်ချင်တာ မလုပ်ရတဲ့အခါ လုပ်သင့်တာတွေနဲ့လည်း အစေးမကပ်တဲ့အခါ တစ်ယောက်တည်း ဒေါသတွေပဲထွက်သလို ရယ်ချင်သလို၊ ငိုချင်သလိုနဲ့။

Happy Girl by Jackson David (Unsplash)

အလုပ်တွေ အများကြီး မနိုင်မနင်းလုပ်၊ အကြီးကြီးတွေမှား။ (ပြင်လို့မရတဲ့ အမှားဆိုတာ မရှိဘူးဆိုတာ သိလာရတယ်။) မှားလည်း ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်ပြီး ပျော်ရတဲ့နေ့ရက်တွေ။ မိအေးတို့များ ကိုယ့်ကို နည်းနည်းလောက် လာကျောတယ်ထင်ရင် အလောတကြီး ပြန်စွာတတ်ခဲ့တဲ့နေ့စွဲတွေ။ ဒေါသတကြီး ပြန်အော်ပြောမိတဲ့နေ့ရက်တွေ၊ ရှိုက်ကြီးတစ်ငင် ငိုလိုက်ရတဲ့နေ့တွေထဲ ပြန်ရလိုက်တဲ့ ပျော်ရွှင်မှု တစ်ပွေ့တစ်ပိုက်တွေ။ ကိုယ်ချင်းစာတရားတွေနဲ့ မျှတစွာ တွေးခေါ်မှုတွေကို နေ့ရက်တွေတိုင်း သင်ကြားလို့၊ ထုံးတမ်းစဉ်လာတွေရဲ့ အပြင်ဘက်ထွက်ပြီး လွတ်လပ်စွာ တွေးတတ်ဖို့ လိုတယ်ဆိုတာ သိလာရတဲ့ အချိန်တွေ။ အားကြီးသူတွေကြား အားငယ်သူတွေဘက်ကို သတ္တိရှိရှိရပ်တည်နိုင်ဖို့၊ ဒီထက် နည်းနည်းလေးပဲဖြစ်ဖြစ် ပိုပြီး တော်ချင်လာတာ၊ အသုံးကျချင်လာတာတွေ။ အားကိုးတကြီး လှမ်းကြည့်မိသူတွေမှာလည်း အားနည်းချက်တွေကို ရှိနေတတ်တာ မြင်တွေ့လာရတော့ လူတိုင်းတော့ Perfect မဖြစ်နိုင်ဘူး။ ကိုယ့်မှာရှိသလောက်နဲ့စွမး်စွမ်းတမံ လုပ်နေကြတာကို လက်ခံလာမိတဲ့အခိုက်အတံ့တွေ။ အရမ်းပင်ပန်းတဲ့ နေ့တွေရဲ့အဆုံး ပြန်ရလိုက်တဲ့ ပျော်ရွှင်မှုတွေ။ ဒါတွေအကုန်လုံး ပျောက်ဆုံးနေသလိုမျိုး။ မိအေး နာမည်ခေါ်သံ ကြားရတာတောင် သိပ်စိတ်လှုပ်ရှားစရာ မကောင်းတော့ဘူး။ Hi Mi Aye, How  you doing? (Joey အသံလေးနဲ့များ တစ်ယောက်ယောက်က မိအေးကို လာခေါ်နေမလားလို့  မျှော်နေမိတုန်းပဲ။)

ဖတ်ဖွယ် မှတ်ရာ ဖတ်ရန် စုထားမိတဲ့ စာအုပ်တွေ

ထားတဲ့နေရာနေ၊ လုပ်စရာရှိတာ အကုန်တာဝန်ကျေလုပ်၊ မရှိ ရှိတာ ရှာကြံလုပ်။ မိုးချုပ်တော့ အခန်းတံခါးတွေပိတ် အိမ်ကို သုတ်သုတ်ပြန်ကြတာပေါ့။ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပဲ။ မိအေး ဘာတွေ လုပ်နေမိတာလဲ။ ဘယ်အရာတွေ လုပ်ရင် ဒီထက် ပိုပျော်ရွှင်နိုင်မလဲ။ ဘယ်တော့ ဖြစ်လာမလဲမသိတဲ့ မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကိုယ်လုပ်ယူလို့မရတဲ့ (ရတဲ့သူတွေအတွက် ရကောင်းရနိုင်ပေမယ့်) ကိုယ်မပိုင်တဲ့ အခွင့်အရေးတစ်ရပ်ကို လှမ်းမျှော်ရင်း မုန်းတိုင်းစဲရင် နေသာမယ်၊ တိမ်မည်းတွေရဲ့ အနားသတ်ဟာ ငွေရောင်ဘောင်အနား ကွပ်ထားလိမ့်မယ် မျှော်လင့်နေမိတုန်းပဲ။

Psychological Services ဝင်လုပ်နေတဲ့ Counselor သူငယ်ချင်းကို ပြောပြတော့။ သူက မိအေးရဲ့ အောင်မြင်မှုအပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်က တိတိကျကျ ရေရေရာရာ မရှိဖြစ်နေတာတဲ့။ ကိုယ်က ဘာကိုလိုချင်တာလဲဆိုတာ ကိုယ်ကိုယ်တိုင် မသိဘဲ၊ သူများတွေလို ကိုယ်မဖြစ်လာတိုင်း စိတ်ဒုက္ခတွေပိုခံစားနေတာတဲ့။ သူများတွေ သူတို့ အလုပ်အကိုင်တွေမှာ အလုပ်တွေမနားမနေတွေလုပ်နေကြ။ နိုင်ငံခြားတွေ ကဒီး ကဒီး သွားကြ။ Why not me? အလုပ်နဲ့ ဝင်ငွေ ဘာတစ်ခုမှ မိအေးအတွက် ဘဝလုံခြုံမှု မပေးနေဘူး။ ဒါပေမယ့် သေချာတွေးကြည့်တော့ မိအေးဟာ ကိုယ့်ကိုယ်ကို သူများတွေနဲ့ သူတို့ရဲ့ ဘဝတွေနဲ့ လိုက်တိုင်းတာနေတာတွေ ဖြစ်နေတယ်။

မိအေးတစ်​ေယာက် အိမ်မက်တွေထဲမှာ ပျော်နေတယ်။ နိုင်ငံခြားတွရောက်၊ ကမ္ဘာတွေ ပတ်နေခဲ့တာပေါ့ကွယ်။ ညာဘက် မျက်ခုံးတွေလှုပ်ရင် ပျော်နေရော။ ကောင်းတာတွေ ဖြစ်လာတော့မယ်လေ။ ဘယ်ဘက် မျက်ခုံးတွေ လှုပ်ရင်တော့ ဒါက အသားလှုပ်တာပဲ။ ဘာမှမဆိုင်ဘူး။ လက်ဖဝါးတွေ ယားလာရင် ထီပေါက်နိုင်ပေမယ့် ထီပေါက်ရအောင် ထိုးမှမထိုးထားခဲ့တာပဲလေ။ ခုမှတွေးမိတာ အဲ့လိုများ ဖြစ်နေမလား။ သိကြားမင်းက ကယ်ချင်လွန်းလို့ ရွှေတုံးကြီး လာရာလမ်းမှာ ချပေးထားတာတောင် အဲ့ဒီအနားရောက်မှ မျက်မမြင်လို လမ်းလျှောက်ကြည့်ဦးမယ် လုပ်မိတဲ့ လုလင်ပျိုလိုမျိုး ဖြစ်နေတာလား။

ပတ်ဝန်းကျင်နဲ့လည်း သိပ်သဟဇာတမဖြစ်နေပြန်ဘူး။ သူတို့ ဘာလို့ စိတ်ဆိုး နေကြတာပါလိမ့်။ ရယ်နေကြတာပါလိမ့်။ သူက ဘာလို့ ခပ်တည်တည်ကြီးနဲ့ သူမှန်ကြောင်း ပိတ်ငြင်းနေရတာလဲဟင်။ မှန်တယ်ဆို ငြင်းစရာလိုသေးလို့လား။ မိအေး သူတို့ကို ပြုံးပြီးပဲ ကြည့်နေလိုက်တယ်။ မိအေးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေအတွက် ဘာမှ ထင်မြင်ချက်ဝင်မပေးတော့ဘူး။ ခနနေကျ အဖြူက အမည်း ချက်ချင်း ပြောင်းသွားကြမယ့် အယူအဆတွေထဲ ကိုယ်က ပြောင်းလွယ် ပြင်လွယ် အဆင်သင့်ဖြစ်မနေခဲ့ဘူး။ နေသားကျမနေခဲ့ဘူး။ သူတို့ ယုံကြည်ရာတွေ ထင်မြင်ချက်တွေ ပြောနေလိုက်။ မိအေး ငြိမ်ငြိမ်လေးပဲ နားထောင်နေလိုက်မယ်။

အဲ့ဒီလိုနဲ့ အသက်သုံးဆယ်နဲ့ ဗိုက်က အဆီအခေါက်ပြင်ကြီးရယ် အရေးအကြောင်းတွေနဲ့ အဆီတစ်ဝင်းဝင်း မျက်နှာကြီးရယ်ဟာ မိအေးဆီ  မခေါ်ဘဲနဲ့ ရောက်လာလိမ့်မယ်။ နေ့တိုင်း ရေများများသောက်ပြီး အစားလျော့စားမယ်တွေးလည်း ညနေရောက်တော့ ကြောင်အိမ်ထဲ ရှိတာတွေ အကုန်ထုတ်စားပြီး ဒီနေ့တစ်ရက်တော့ စားလိုက်ဦးမယ်လေဆိုပြီး၊ လမ်းထွက်လျှောက်တဲ့ sneaker ဖိနပ်ကိုလည်း ချောင်ထိုးထားပြီး၊ ခြင်တွေကဝင်အောင်း၊ အိမ်က ဝက်ညိုက သေးနဲ့ပန်း၊ လုံးလည် ချာလည်လိုက်နေတုန်းပဲ။ ပိတ်ရက်မှာ အူရှင်းအောင် ဘာမှမစားဘူး။ နောက်တော့ ဗိုက်ဆာလာလို့ ထမင်းမစားရလည်း အသားလေး၊ အသီးအရွက်လေးတော့ စားရမယ်လေ။ ပြီးတော့မှ ညသန်းခေါင်ကြီး ဆာလွန်းလို့ အိပ်ရာနိုးအလာမှာ မာမီးမွန်းစတား သုံးထုပ် တစ်ကျွတ်ကျွတ်နဲ့ ထစား။ ဘေးမှာအိပ်တဲ့ ညီမက ဖုတ်ဝင်နေတယ်မှတ်ပြီး လန့်လို့ ထအော်။

Messy Table Photo by Ferenc Horvath (Unsplash)

ဒီနေ့တော့ အဝတ်တွေ ပုံထားလိုက်ဦးမယ်။ အေးအေးဆေးဆေးမှ စာအုပ်တွေ သိမ်းမှာပေါ့။ စာအုပ်စားပွဲပေါ်က  ဘုစုခရုတွေအကုန် စားပွဲအံဆွဲထဲ ထိုးထည့်ထားမယ်။ မဆေးရသေးတဲ့ ထမင်းဘူးကိုလည်း အမေ မမြင်အောင် တစ်ချောင်ချောင် ထိုးထား။ ညဘက်တွေဆို ခေါင်းထိုးအိပ်၊ ဘုရားကို ပေါက်ဆိန်ပေါက် ကန်တော့လိုက်၊ ပဋ္ဌာန်းကိုလည်း နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ ရွတ်။ မျက်နှာမှာ အဆီတွေ၊ မျက်ခုံးမွှေးဆွဲထားတွေနဲ့ သိုးနေအောင် အိပ်။ ပြီးရင် သူများတွေ ဒီလောက်လှတာ ငါဘာလို့ မလှတာလဲမေး။ အသားအရည်လေးကြည်ချင်လို့ မျက်နှာလေး နုဖတ်ချင်လို့ ဘယ်လိုစကင်းကဲရမလဲမေး။ မျက်နှာမှာလည်း အမဲအစက်တွေနဲ့ ဗိုက်မှာလည်း အခေါက်နဲ့။

မိအေး သူငယ်ချင်းတွေဆိုတာကလဲ အမြှောက်တစ်လိုင်းတွေချည်း။ နင့်လောက်တောင် သူတို့ကမလှပါဘူးဟဲ့ ပြင်ဆင်ထားလို့ပါ။ နင်ကမှ နကိုယ်နေအလှ။ ဟိုတစ်ယောက်ဆို အိုင်းလိုင်နာတွေ ဆိုးရတာဟဲ့၊ ပြီးတော့ နင့်လောက်တောင် အသားအရည် လှရှာတာမဟုတ်ဘူး။ သူတို့ပြောတာအဟုတ်မှတ်ပြီး ကိုယ့်ကိုယ်ကို  လှတယ်ထင်ပြီး နေလာလိုက်တာ။ ငါလေးဟာ အိုင်းလိုင်နာမဆိုးရဘဲ လှတာပါလား။ သူများတွေလို ဂျင်တွေ ယောဂတွေ မလုပ်ရဘဲ လှနေတာပါလား။ ယုဝဖိနပ်စီးလည်း လှတာပါလား။ စပန့် ဂါဝန်လေးနဲ့လည်း ကြည့်ကောင်းတာပါလား။ ပြင်မှလှတာထက် ငါ့ရဲ့ သဘာဝလှတာလေးပဲ ကောင်းတာပါလားနဲ့။ အရင် မူကြိုဆရာမလုပ်တုန်းက စကားမပီတဲ့ ကလေးလေးက သူ့ခဲဖျက်လေး သူများ ယူသွားတာ လာတိုင်သလိုမျိုး “ဆရာမ.... ရူးသွားပြီ” ဖြစ်နေသလားပဲ။

ဟိုတစ်လောဆီက ညီမလေးနဲ့ အလာင်းအစားလုပ်ပြီး ငါများ ည ၇ နာရီ နောက်ပိုင်း အစာစားမိရင် နင့်ကို ၅,၀၀၀ ပေးမယ်လို့ ပြောပြီး ပေးလိုက်ရတဲ့ ၅,၀၀၀ တွေ ဘယ်လောက်မှန်းတောင် မမှတ်မိတော့ဘူး။ မိအေးနဲ့ သူနဲ့ ဖက်စပ် ဝယ်မယ် သဘောတူထားပြီး မိအေး စိုက်ရှင်းထားရတဲ့ အလှပြင်ပစ္စည်းဖိုးတွေ ဆိုတာ ဘာမှပြန်မရလိုက်ဘူး။ နောက်ဆုံးကျ ပိုက်ဆံလဲ မပေးနိုင်တော့လို့ သူအိပ်မှ ညဘက် ထစားလည်း အမေကမြင်တော့ ပြန်ပြောပြီး ဒဏ်ကြေးဆောင်ခိုင်းတာပဲ။ နောက်ဆုံး အမေက နင်မလုပ်နိုင်ရင်လည်း မလုပ်ပါနဲ့တော့ဆိုမှ တစ်ခန်းရပ်လိုက်ရတယ်။ ပိုက်ဆံလည်းဆုံး လူလဲ အအိပ်အစားမမှန်တွေဖြစ်လို့။

Noah Silliman (Unsplash)

တစ်ရက်တစ်ရက် မနက်ဘက်တွေကလည်း ပုံမှန် ဝရုန်းသုဉ်းကားပဲ။ ဟိုဆွဲ ဒီဆွဲနဲ့ ဆံပင်စုတ်ဖွားနဲ့ အိမ်ကထွက်။ အိမ်ကလိုက်ပို့တဲ့ ကားပေါ်ကဆင်း ဖယ်ရီပေါ်တက်၊ ဖယ်ရီပေါ်ကဆင်း အလုပ်ကိုရောက်၊ ညနေ ကားအဆင့်ဆင့် ပြန်ဆင်းလိုက် တက်လိုက်နဲ့ အိမ်ရောက်လာ။ အလုပ်မရှိရင်လည်း စိတ်တွေမကောင်းဘူး။ ငါလေးဟာ အလေလိုက်နေတာပါလား။ အလုပ်လုပ်ရပြန်တော့လည်း တစ်စက်ကလေးမှ စိတ်ချလက်ချ မရှိရဘူး။ တစ်ရက်က အသေအချာ ရေးတင်တဲ့ အစည်းအဝေးမှတ်တမ်းတစ်ခုမှာ ရက်စွဲထိုးတော့ ခုနှစ်ကို (၃၀၃၀ ခုနှစ်) လို့ တပ်လိုက်မိလို့။ ဘယ်သူ့လိုက်မေးမေး အဲ့လိုမျိုးမှားတတ်တာ တစ်ရုံးလုံး မိအေးတစ်ယောက်သာ ရှိတယ်။

လုပ်တတ်တာလေးတွေ စာရင်းချမှတ် ပြုစုမဟဲ့ဆိုပြီး။ ငါလေးက အနုပညာတော်ရှာလား။ ကတာတို့ တီးမှုတ်တာတို့မှာဆိုရင်ရော။ မိအေးနှယ် ဘာမှလဲ မယ်မယ်ရရ တီးမှုတ်တတ်တာ မရှိရှာဘူး။ ကဗျာလွတ်တို့ သင်္ကြန်အကတို့တော့ ငယ်ငယ်က မိအေး ကဖူးတာပေါ့။ လက်လေး ဟိုချိုး ဒီချိုးနဲ့။ တနင်္သာရီမြို့မှာနေတုန်းက သင်္ကြန်ယိမ်းအဖွဲ့အကပြိုင်ပွဲမှာဆို ပထမဆုတွေ ဘာတွေတောင်  ရဖူးသေးတယ်။ မဆိုးရှာဘူး ငါလေး။ စောင်းတီးသင်မယ်ဆိုပြီး စုံစမ်းပြီးမှ ကိုဗစ်ဖြစ်လို့၊ မသင်ဖြစ်။ ပတ္တလား သင်ဖို့အတွက်လည်း သူငယ်ချင်းက သူ့ဆရာနဲ့ ချိတ်ဆက်ပေးတာတောင် မိအေး သွားမသင်ဖြစ်ဘူး။ သီချင်းတွေ ဆိုတတ်လားဆိုတော့ ငယ်ငယ်တုန်းကတော့ ဆို၊ က၊ ရေး၊ တီး အခြေခံလေး သင်ဖူးတော့ မြန်မာသံ တံ တျာ တေ ရှင် ပေါ့လေ။ စည်းနဲ့ ဝါးလောက်တော့ ပြန်ကျင့်ရင် ရမယ်ထင်တာပဲလေ။ ခေတ်သီချင်းတွေကတော့ ကြုံရင် ကြုံသလိုတော့ ပွဲတွေရှိတုန်း မိအေး ဝင်ဟဲလိုက်၊ အစွမ်းပြလိုက်ရတာတွေတော့လည်း ရှိတာပေါ့။ ပြောမယ့်သာပြောရတာ မိအေး သီချင်းဆို သိပ်ကောင်းတာ။ အခွင့်အရေးမရခဲ့လို့သာ။

အဲ့တော့ မိအေးမှာ ပညာရပ်ပိုင်းဆိုင်ရာတွေ သိပ်တော်နေတာပေါ့ဟုတ်လား။ ဒါမှမဟုတ် လစာ ဝင်ငွေအများကြီးနဲ့ မိအေး အိမ်ကို မပူမပင် ထောက်ပံ့နိုင်နေပြီလား။ အဲ့လိုမှ မဟုတ်ဘူးဆိုလည်း မိအေး နာမည်ကြားတာနဲ့ သိပ်တော်လိုက်တာလို့ လူတွေက ပြောနေကြပြီလား။ အမလေး ဝေးသေး။ အဲ့လိုနဲ့ သေချာတွေးကြည့်တော့ လုပ်တတ်တာလဲ မယ်မယ်ရရမရှိဘဲ လူကြည့်တော့လဲ ပြာဂလောင် ပြာလချောင် ပုံမျိုးနဲ့ ဘယ်လိုလုပ် အသက်တွေက ၃၀ နားတောင် ကပ်လာရတာလဲလို့ ဂေါ်မစွံအပျိုကြီးအဖြစ်ကိုလည်း စိတ်မကောင်းကြီးစွာ တွေးမိပြန်ရော။

ဒီကြားထဲ ကိုယ့်ကို ကောင်းစေချင်တဲ့သူတွေ၊ တော်စေချင်တဲ့ ဆရာသမားတွေက သူများတွေနဲ့ နှိုင်းယှဉ်ပြပြီး ဆန်ရင်းနာနာဖွပ်တာ ခံလိုက်ရတော့ အီစိမ့် လှိမ့်ပိန့်ပြီး နေတာပဲ။  ဒီနေ့ကစ အင်္ဂလိပ်စာ သေချာလုပ်မယ်ဆိုတာနဲ့ ဆောင်းပါးတွေ၊ စာတမ်းတွေ ဟော့တစ်စောင်၊ ဟော့တစ်စောင် ရေးတော့မယ် ဆိုတာရဲ့နောက်က ဘာမှမဖြစ်လာတာတွေက များလာတယ်။

Photo from Health Coach Cloe site

အဲ့လိုနဲ့ မိအေး အိမ်မက်တွေကို ခေါက်သိမ်းလိုက်တယ်။ ရည်မှန်းချက်တွေ ကြီးတော့ ဘာလုပ်လို့ရမှာမို့လို့လဲ။ တစ်ဖြည်းဖြည်း ငယ်ရွယ်ခြင်းတွေ ဆိတ်သုဉ်းလို့ ပေးဆပ်ခဲ့တဲ့အချိန်တွေအတွက် တစ်ခုခုပြန်ရဖို့ မသေချာခဲ့ရင် ဘယ်လို ဆက်ပြီး ရှင်သန်ရပါ့မလဲ။ နောက်တစ်ရက်မှာလည်း မနေ့ကအတိုင်း နိုးထလာပြီး လုပ်နေကျအတိုင်း ဆက်လုပ်နေဦးမှာပဲလေ။ မနက် ၆နာရီခွဲ အိပ်ရာထ၊ မျက်နှာသစ်၊ ဟင်းချက်၊ ရေမိုးချိုး၊ ကားစီးပြီး အိပဲ့ အိပဲ့နဲ့ ငိုက်စိုက် ငိုက်စိုက်နဲ့ အလုပ်ကို ရောက်လာခဲ့တာပဲ။ ကဲ ဒီနေ့တော့ ပိုကောင်းတဲ့ နေ့ရက်ကလေး တစ်ရက် ဖြစ်နိုင်ကောင်းပါရဲ့ မျှော်လင့်ချက်က​ေလးနဲ့။ ကိုယ့်မှာရှိနေတဲ့ အရာရာတိုင်းကို ကျေးဇူးတင်ရင်း ဒီနေ့တစ်ရက်လေးကိုပဲ ကိုယ့်စိတ်တိုင်းကျ ဟန်ကျပန်ကျ ဖြတ်သန်းလိုက်တော့မယ်။