အပြုံး

Mar 11, 2020

အခုတလော ကိုယ်ခဏခဏ ပြုံးနေမိသလားပဲ။ ပုံမှန်အားဖြင့်တော့ ပြုံးတယ်ဆိုတာ ပျော်ရွှင်တဲ့ စိတ်ခံစားမှုကြောင့် မျက်နှာပေါ်က ကြွက်သားတွေရဲ့ လှုပ်ရှားမှု၊ အကောင်းမြင်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ဖော်ညွှန်းတဲ့ပုံစံတစ်ခု။ ယေဘုယျအားဖြင့်တော့ ပျော်လို့ ပြုံးတာနဲ့နည်းတူ ပြုံးခြင်းအားဖြင့်လည်း ပျော်နိုင်ပါသတဲ့။

ဒါပေမယ့် ကိုယ်ပြုံးမိတဲ့ အချင်းအရာတွေကတော့ အကြောင်းအမျိုးမျိုးနဲ့ နဲနဲရှုပ်ထွေးသလားပါပဲ။ ပျော်ရွှင်လို့၊ သဘောကျမိလို့၊ ချစ်ဖို့ကောင်းလို့၊ ပြီးတော့ စိတ်ကုန်သွားလို့၊ ခံပြင်းလို့၊ အံ့သြမိလို့၊ မထင်ထားလို့၊ မတရားဘူးလို့ တွေးမိလို့ စသည်ဖြင့်။

ငယ်ငယ်ကဆို စိတ်အလိုမကျတာ။ ဖြစ်ချင်တာတွေ မဖြစ်တာတွေဆိုရင် ဝမ်းနည်း မျက်ရည်ကျ အသားကုန် အာခေါင်ခြစ်အော်လို့ရတယ်လေ။ အမေက ကိုယ့်ကို အပြင်ကို ခေါ်မသွားလို့။ ရေခဲမုန့်စားချင်တာ ဝယ်မကျွေးလို့။ ဘာဖြစ်လို့ ညာဖြစ်လို့။ နည်းနည်းလေးကြီးလာတော့ တစ်ခုခုဆိုလည်း စိတ်မကောင်းဖြစ်ရင် ငိုဖြစ်တာပဲ။

အခုအပြင်လောကကြီးကို ထွက်လာမိတော့ တစ်ခုခုဖြစ်တိုင်း ငိုနေလို့မရတော့ဘူး။ စကော်လာရှစ်မရလို့၊ တစ်ယောက်ယောက်နဲ့ အဆင်မပြေလို့၊ အလုပ်မှာ စိတ်ညစ်လို့ စသည်ဖြင့်။ အဆိုးတွေကြုံတိုင်းမှာ မငိုမိအောင် ထိန်းထားရင်း၊ စိတ်ဓါတ်မကျအောင် ဆွဲတင်ရင်းနဲ့ တဖြည်းဖြည်း ကိုယ် ပြုံးတဲ့ဘက်ကို အားသန်လာပုံပဲ။ ရွှင်ပြုံး၊ ခနဲ့ပြုံး၊ ရွဲ့အပြုံး။ စိတ်အလိုမကျရင်လည်း ပြုံး၊ ငှက်ကလေးတွေအော်နေတာ ကြည့်ရင်းပြုံး၊ သစ်ရွက်တွေ ကြွေတော့ ပြုံး၊ သူခေါ်လို့ ပြုံး၊ မခေါ်လို့လည်း ပြုံး၊ ချစ်ခင်လို့လည်း ပြုံး၊ အပြစ်တွေမြင်မိတော့လည်း ပြုံး။အဲ့ဒီလိုနဲ့ အပြုံးတွေနောက်မှာ အကြောင်းတရားများစွာနဲ့ပေါ့။

ရှင်သန်မှုတစ်ခုရဲ့ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းတွေအတွက် တုန့်ပြန်ရမယ့် ရယ်မောခြင်းတွေနဲ့ မျက်ရည်တွေကြားထဲက ကိုယ့်အတွက် အသက်သာဆုံး နည်းလမ်းဖြစ်တဲ့ သိုသိုသိပ်သိပ် ပြုံးနိုင်ဖို့ကိုပဲ ကိုယ်ရွေးလိုက်တယ်။ ဘာတွေပဲ ဖြစ်ဖြစ် ကိုယ်ပြုံးနေလိုက်တော့မယ်လေ။ ကိုယ်ဒီနေ့မှာ ပျောက်ဆုံးခဲ့ရင်/ ကိုယ်ရပ်တန့်သွားခဲ့ရင်လည်း မနက်ဖြန်တော့ နေမင်းကြီးက ထွက်လာဦးမှာပဲ မဟုတ်လား။ ငှက်တွေလည်း သီချင်းဆိုကြဦးမှာပဲလေ။

smile/ unsplash

ကိုယ် တစ်ရက်တစ်ရက် အခကြေးငွေမပေးရဘဲ လက်ခံရရှိနေတဲ့ သဘာဝရဲ့ အလှအပတွေ ကြည့်ရင်း ပြုံးမယ်။ ကိုယ်လှမ်းကြည့်လိုက်တိုင်းမှာ သူတို့ ရှိနေပေးလို့။ ကျေးဇူးတင်မိလို့။

ရုံးပိတ်ရက် ဝရန်တာဘက် စာထွက်ဖတ်ရင်း အိမ်ရှေ့နား ပိတောက်ပင်မှာ ဉသြငှက်ကလေး သူ့ရဲ့နွေရာသီ ကိုယ်ပိုင်တေးလေး အာခေါင်ခြစ်အော်နေတာ ကြားတော့လည်း ပြုံးမိတယ်။ အကောင်သေးသလောက် တာဝန်ကျေတဲ့ အကောင်လေးလို့ တွေးမိလို့။ ပျင်းရိခြောက်သွေ့ နွေရက်တွေဟာ သူ့ကြောင့်များ ပိုခမ်းနားသလား ထင်မိလို့။

ပြာလဲ့လဲ့ ကောင်းကင်ကြီးပေါ်မှာ တိမ်တွေ အဆုပ်လိုက် အဆုပ်လိုက် ပုံသဏ္ဍာန်မျိုးစုံနဲ့ ရွေ့လျားနေတာတွေလိုက်ကြည့်ပြီးတော့ ပြုံးမိတယ်။ မုန်တိုင်းတွေနဲ့ မိုးသားတွေကို ရင်ဆိုင် ဖြတ်ကျော်နိုင်မယ့်သူတွေမှသာ မြင်ခွင့်ရမယ့် မြင်ကွင်းမျိုးလို့ စဉ်းစားမိလို့။

နေပြည်တော်က လမ်းတစ်လျှောက် ကျွန်းပင်တွေမှာလေ ကျွန်းပန်းဖြူပွင့်တွေ အဆုပ်လိုက် အဆုပ်လိုက် ဖွေးဖွေ:လှုပ်ပွင့်နေတာ ကြည့်ရင်းလည်း  ပြုံးမိပြန်တယ်။ သူတို့ကို ခူးဆွတ် တန်ဖိုးထားမယ့်သူမရှိလည်း အချိန်တန်ရင် သဘာဝတာဝန်အရ အလှပဆုံး၊ အလန်းဆန်းဆုံးပွင့်ပြီး ပတ်ဝန်းကျင်ကို အလှဆင်နေလို့လေ။

၁ နှစ်အရွယ် လူကီးမီးယားဖြစ်နေတဲ့ ကလေးပိစိလေးက သူ့အမေပေါ်ကနေ ဘေးနားထိုင်နေတဲ့ အသက်ရှစ်ဆယ်ကျော်အဖွားကို တခစ်ခစ်ရယ်ပြနေတာ ဘတ်စ်စကားပေါ်မှာ မြင်လိုက်ရလို့ ပြုံးမိတယ်။ ဘဝခရီး အဝင်နဲ့ အထွက် လမ်းခုလတ်မှာ မတူညီတဲ့ ရှင်သန်မှုနစ်ခုအကြားက နှစ်ခြိုက်စရာ ကူးလူးဆက်သွယ်မှုလေးတွေကို မြင်လိုက်မိလို့။

ဓါတ်ဆီဆိုင်က ခပ်ချောချော ကောင်ကလေး ကိုယ့်ကို လှမ်းကြည့်နေတာ အကြည့်ချင်းဆုံမိသွားလို့ ပြုံးမိတယ်။ နုပျိုခြင်းတွေနဲ့ တောက်ပတဲ့ မျက်လုံးတွေထဲမှာ အရာရာရင်ဆိုင်မယ်ဆိုတဲ့ စိတ်သဘောထားနဲ့ အဖြူထည် နှလုံးသားတစ်စုံကို တွေ့လိုက်မိလို့။

ရထားပေါ်က စျေးသည်အန်တီကြီးရဲ့ ပြုံးရွှင်နေတဲ့ သနပ်ခါးအဖွေးသား မျက်နှာကို မြင်တိုင်းမှာ ပြုံးမိတယ်။  သူ့အပြုံးလောက် ပိုတောက်ပတဲ့ အပြုံးရှိသေးရဲ့လားလို့ တွေးမိရတဲ့အထိ ရိုးရှင်းတဲ့ အပြုံးမို့။ သူ့ကိုကြည့်ပြီး ကိုယ်ရေးထားတဲ့ ကာရန်မကျ ဘာမကျ ကဗျာလေးတစ်ပုဒ်တောင်ရှိတယ်။

“ကိုယ်ဘယ်လို ပြုံးပေမယ့်
သူ့အပြုံးကိုတဲ့ မီမထင်
ဂုဏ်ရှိန်ဝါမာန်မာန ကင်းပတဲ့ သူ့အသွင်
ဖေးမလို့ ခင်မင်
ဖြူစင်တဲ့ စိတ်ထား
ကိုယ်လည်း မင်းလို
မကြာခဏတော့ ပြုံးနိုင်ချင်သား။”
smile/ unsplash

ရထားလမ်းဘေး ကျူးကျော်တဲလေးအပေါ်မှာ နေဒဏ် မိုးဒဏ်ကာကွယ်အောင် ဖြန့်လွှားတင်ထားတဲ့ မြို့ထဲက ကွန်ဒို တိုက်ခန်းကြော်ငြာလေး တွေ့တော့ ပြုံးမိတယ်။ ကျောတစ်ခင်းစာကို ပူပန်နေရတဲ့ ဘဝတွေအတွက် ပိုစတာထဲက မိုးမျှော်တိုက်တွေက အလှမ်းဝေးနေပေမယ့် သုံးတတ်ရင်အ ကာအကွယ်တစ်ခုတော့ ရနိုင်သားလို့ တွေးမိလို့။

Email Inbox ထဲမှာ Regret letters တွေ တစ်လှေကြီး လက်ခံရရှိတိုင်းမှာလည်း ပြုံးမိတယ်။ ကိုယ်ဖြစ်ချင်တိုင်း ဘာမှမဖြစ်ဘူးဆိုတာရယ်၊ ကိုယ့်ရဲ့ အသုံးမကျမှုတွေရယ်ကို အခါခါ ပြန်မြင်နေရလို့။

ကိုယ့်အကြောင်း အကောင်း အဆိုး သတင်းတွေ ပြန်ကြားတိုင်းမှာလည်း ရယ်ချင်ချင် ပြုံးမိသွားတယ်။ ချစ်တဲ့သူတွေက ဆက်ချစ်ပြီး မုန်းတဲ့သူတွေက ဆက်မုန်းနေမယ့် အမှန်တရားမှာ ကိုယ့်ကိုယ်ကို ဘယ်သူ့အတွက်မှ ပြောင်းလဲစရာမလိုဘူးလို့ ယုံကြည်မိလို့။

ကိုယ်ဘာတွေပဲဖြစ်ဖြစ် ပြုံးနေလိုက်တော့မယ်။  မွန်းကြပ်လွန်းတဲ့ နေ့တွေထဲ မျှော်လင့်ချက်တွေကို ခပ်ဝေးဝေးကို လွှင့်ပစ်လိုက်ရင်းနဲ့ မိုးသားတိမ်တိုက်တွေရဲ့ အဆုံးမှာတော့ ငွေအနားကွပ်လေးတော့ ရှိနေလောက်မှာပါလို့ တွေးရင်း၊ ကိုယ့်အတွက် မထိုက်တန်တဲ့သူတွေကို မသိကျေးကျွန်ပြုရင်း၊ ပြီးတော့ အနည်းဆုံးတော့ ဒီနေတစ်နေ့ကို ငါအကောင်းဆုံး ရှင်သန်ခဲ့တာပဲလေလို့ တွေးရင်း ကိုယ်ပြုံးနေလိုက်တော့မယ်။

ဒါပေမယ့်လေ ကိုယ်ပြုံးနေရင်တော့ သတိထားကြပေါ့။