မိအေးနှင့် အဖွားဒေါ်အေး

အဖွားဟာ အိမ်တွင်းပုံး ရေဒီယိုကြီးတစ်လုံးလို့ ပြောလို့ရမယ်။ အိမ်ထဲမှာသာ အနေများတာ။ နောက်ဆုံးပေါ်သတင်း သူအကုန်သိ

မိအေးနှင့် အဖွားဒေါ်အေး

တစ်ရက် မနက်၄နာရီလောက်ကြီး အဖေ့ဖုန်း အသံမြည်လာတယ်။ အဖေက အမေကလည်းဆိုပြီး တစ်ခုခု ညည်းတွားလိုက်တယ်။ ကိုယ်သိလိုက်တယ်။ အဖွား တစ်ခုခုဖြစ်ပြီ။ ဘာမှသေချာမကြားရပေမယ့် အမူအရာ၊ စကားသံတွေကနေ တစ်ခုခံစားလိုက်ရတယ်။ အမေက ဆေးရုံလိုက်ခဲ့ဖို့ အတင်းခေါ်တယ်။ နင် လိုက်ခဲ့သင့်တယ် ဖျောင်းဖျခေါ်တယ်။ ကျွန်မ လိုက်မသွားဘူး။ အမေရယ်၊ အဖေရယ်နဲ့ ညီမလေးလိုက်သွားကြတယ်။ မနက်ပိုင်းလောက်ထိ ကျွန်မ ဖုန်းမဆက်ရဲဘူး။ ဆေးရုံတက်တာပဲနေမှာပါလေ ဆိုပြီး ကိုယ့်ဘာသာ လျှောက်တွေးပြီး၊ ညီမလေးဆီ ဖုန်းဆက်လိုက်တော့ အဖွားဆုံးပြီတဲ့။ ကိုယ်ရုံးသွားတဲ့လမ်းမှာ တပ်မတော်ဆေးရုံက ရေခဲတိုက်ဆီ လိုက်ခဲ့တယ်။ အဖွားကို ရေခဲသေတ္တာအရှည်ကြီးလို သီးသန့် အအေးခန်းထဲ သွင်းလိုက်ပြီ။ အစောင့်ကို အကူအညီတောင်းတော့ သူက လိုက်ပြီး ထုတ်ပြတယ်။ ကိုယ်မျက်နှာလေးကို ကိုင်ကြည့်တော့ အေးနေပေမယ့် ပျော့ပျော့ပြောင်းပြောင်းပဲ ရှိသေးတယ်။ ခါတိုင်း ခေါင်းမှာ လိပ်ခွံဘီးတပ်နေကျကို အခုက သားရေပင်လေးနဲ့ စုချည်ထားတဲ့ ဆံထုံးသေးသေးလေး။ အင်္ကျီကတော့ အဖွားဝတ်နေကျအတိုင်း ချည်ထည်အင်္ကျီနဲ့ ပါတိတ်လုံချည်လေး။

ကိုယ့် စိတ်ထင်လို့နေမှာ။ မနက်လေးနာရီမထိုးခင်လောက် ကိုယ်တစ်ခါနိုးနေသေးတယ်။ အိမ်က ကြောင်လေးက ဗီဒိုပေါ်က ဓါတ်ပုံတွေတင်ထားတဲ့ကြား ဝင်အိပ်တတ်တယ်။ သူထသွားတော့ တိုက်မိပြီးဓါတ်ပုံပြုတ်ကျသွားတာ။ အသံတွေကြောင့် ကိုယ်နိုးလို့ သွားကြည့်တော့ မိသားစုပုံလေး၊ ကိုယ်လည်း ထပ်ထောင်ထားရင် တိုက်ပြီး ပြန်ပြုတ်ကျနေမှာစိုးလို့ လှဲပြီးထားလိုက်တယ်။ ပြီးတော့ ပြန်အိပ်လိုက်တာပဲ။ အဖွားများ လာနှုတ်ဆက်သွားသေးလား၊ စိတ်က ရောက်လာခဲ့သေးလား မပြောတတ်ဘူး။ အဖွားက အစွဲအလမ်းကြီး သံယောဇဉ်ကြီးသူမို့။

အဖေက အစ်မတွေ ညီမတွေကြားထဲ သားတစ်ယောက်တည်းပါတာမို့။ အဖွားက ချစ်တယ်။ အဖေ့ကို ချစ်တော့ မြေးတွေကိုလည်း အဖွားက ဂရုတစိုက်ပေါ့။ အဖွားအိမ်ရောက်ရင် ‘ငါ့မြေးမကြီးလာပြီ၊အာလူးဖုတ်ကြမယ်။’ ပြန်တော့မယ်ဆိုရင်တောင် ‘ဟဲ့ ညည်းက ဘာလုပ်စရာရှိလို့လဲ၊ အေးအေးဆေးဆေး ထမင်းစားပြီးမှ၊  နေအေးမှပြန်’ လို့ ပြောတတ်တယ်။ ကိုယ်တွေကလည်း အမြဲတမ်း ဟိုဟာ လုပ်ရဦးမယ်၊ ဒါလုပ်ဖို့ရှိတယ်နဲ့ အဖွားဆီသွားလည်း ခနတစ်ဖြုတ်ပါပဲ။ ကိုယ်တွေ အဖွားဆီမရောက်တာ ကြာရင်လည်း အဖွားက အဖေ့ကို လှမ်းဖုန်းဆက်ပြီး တိုင်တတ်သေး။ ဟဲ့ ငါ့ဆီလည်း ဘယ်သူ မလာတာကြာနေပြီနော် ဆိုတာမျိုး။ စနေ၊ တနင်္ဂနွေ ပိတ်ရက် သားသမီးနဲ့ မြေးတွေ အဖွားဆီမှာ ဆုံကြရင် အဖွားအပျော်ဆုံးပေါ့၊  ဘယ်သူကြိုက်တတ်တဲ့ဟင်းမို့၊ ဘာမုန့်မို့လို့၊ နွားနို့ကိုလည်း တစ်ညကြိုဝယ်ထားတာ နောက်ရက်နေ့လည် လက်ဖက်ရည်သောက်ချိန်ကျ မလိုင်ခတ်သောက်ရအောင် အရန်သင့်ကြိုထား။

အဖွားဟာ အိမ်တွင်ပုန်း ရေဒီယိုကြီးတစ်လုံးလို့ ပြောလို့ရမယ်။ အိမ်ထဲမှာသာ အနေများတာ။ နောက်ဆုံးပေါ်သတင်း သူအကုန်သိ ဆွေမျိုးတွေထဲ ဘယ်သူ ဘယ်လို၊ သား / သမီးတွေနဲ့ ညတိုင်း ဖုန်းပြောထားတာတွေ အသေးစိတ် လိုက်မှတ်ပြီး အကုန်လိုက်စိတ်ပူ။ အိမ်နားနီးချင်းတွေအကြောင်း၊ ဆွေမျိုး တစ်ဝမ်းရော နှစ်ဝမ်းရော ကွဲသူတွေအကြောင်းလည်းအဖွားအကုန်သိ။ မြေးတွေရဲ့ ရည်းစားတွေအကြောင်းကစ အကုန်သတိတရနဲ့ မေးမြန်းတတ်သေး။ ကိုယ်တွေကလည်း အဖွားကတစ်ဆင့် အဖေ့ကိုပြန်ပြောအောင်လို့လေ အကုန်ပြောပြ။

Photo by Radio/ Unsplash

သူအကြိုက်ဆုံးက ပြောမဆုံးက အမေစု။ ဘယ်သူပြလို့ ဖေ့ဘုတ်မှာ အမေစုပုံတွေ့လိုက်တယ်။ မျက်နှာလေးက ဘယ်လို ချောတာ။ ပြုံးတာက ချစ်စရာ။ အဖွားအခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံတွေနဲ့ ပြက္ခဒိန်လေးချိတ်လို့။ လတိုင်းလတိုင်း ပုံအသစ်လေးတွေ အဖွားက ကြည့်လို့ပျော်လို့။ အဖွားက အင်တာနက် မသုံးတတ်ပေမယ့် အမေစုပုံကို တောင်းကြည့်တတ်တယ်။ တစ်ခါတစ်လေ သူ့သားက တပ်မတော်က အငြိမ်းစားကြီးဆိုတာတောင် မေ့ပြီး အနီတွေ အစိမ်းတွေနဲ့ နိုင်ငံရေးတွေလည်း ပြောချင်သေးတာ။ တယ်လည်း ခေတ်မီတဲ့ တို့အဖွား။ အဖွားရှေ့ ယောင်လို့တောင် အခုအစိုးရအကြောင်း မကောင်းကြောင်း မပြောနဲ့ မျက်နှာကြီးကို တင်းလို့။

အဖွားက အဒေါ်အငယ်ဆုံးနဲ့ အတူနေတာ။ အဲ့အိမ်မှာ ခွေး နှစ်ကောင်ရှိတာက ဖွေးဖွေးနဲ့တိုဖီတဲ့။ ဖွေးဖွေးက ချီဝါးဝါးစပ်တဲ့ အသေးမျိုး၊ တိုဖီက ဟက်စကီး။ တိုဖီက သူ့ခန္ဓာကိုယ် အကြီးကြီး အမွှေးတွေကလည်း ကျွတ်လွန်း၊ ဆော့လွန်းလို့ ညစ်ပတ်နံစော်နေလို့ အဖွားက ဖွေးဖွေးကို ပိုချစ်တယ်။ ထန်လျက်ကျွေးရင်လည်း ဖွေးဖွေးကိုတိတ်တိတ်လေး မီးဖိုချောင်ခေါ် တိုဖီမသိအောင် ကျွေးတတ်သေးတယ်။ အဖွားရဲ့ ကြိမ်လုံးဟာ တစ်အိမ်လုံးမှာ သူတို့အကြောက်ဆုံး။ မရိုက်ဘူး ခြောက်ရုံခြောက်တာ။ ကြိမ်လုံးတစ်ဖျန်းဖျန်းအသံကြားရင် တိုဖီခမျာ နားရွက်လေးကုပ်ပြီး ခုံအောက်တန်းဝင်ပြေးတာဘဲ။ သူတို့ကလည်း အဖွားခုတင်အောက် အေးလို့ ဝင်အိပ်ကြတယ်။ အဖွားကတော့ အနံ့မခံနိုင်လို့တဲ့လေ။ မောင်းထုတ်ရတာ ခန ခန။

Grandy's Puppy

ဘယ်သူမှမလာတဲ့နေ့တွေကျရင် အဖွားဟာ သူလုပ်စရာရှိတာလေးတွေလုပ်ပြီးရင် နေ့လည် နေ့ခင်း ဘယ်သူလာမလည်း ထိုင်မျှော်ရင်း အိမ်ရှေ့ကုလားထိုင်မှာ ငုတ်တုတ်ကလေး မှေးနေတတ်တယ်။ သားသမီးတွေက အဖွားကို အားတဲ့အချိန်လေး တရားနာဖို့၊ အခြားလူတွေအတွက် စိတ်တွေမပူဖို့ပြောရင် မကြိုက်ချင်ဘူး။ ရွဲ့တတ်တယ်။ တခါတခါပြောသေး ဟုတ်တယ် ငါက တရားမရှိဘူး။ ငါသေရင် အိမ်ရှေ့က အုန်းပင်မှာနေပြီး နင်တို့ကို ကြည့်နေမှာတဲ့။ သူ့အတူနေမြေးတွေကတော့ ကြောက်တာမှ ကျွတ်နေတာပဲ။ အိမ်ရှေ့မှာလည်း တကယ် အုန်းပင်ကြီးရှိနေတာကိုး။ နဂိုကမှ မှောင်ရင်ကြောက်တတ်လို့ အဖွားကိုခေါ်ပြီး အိမ်အပေါ်ထပ်တက်တဲ့သူနဲ့ ရေချိုးခန်းရှေ့ အဖွားကို စောင့်ခိုင်းတဲ့သူနဲ့။ တကယ်တမ်းတော့ ဘာဝနာသေချာ အားမထုတ်လိုက်ရပေမယ့်  အဖွားပြုခဲ့တဲ့ ဒါနကုသိုလ်တွေက အဖွားရဲ့ နောက်ဆုံးခရီးအတွက် အထောက်အပံ့တွေ ဖြစ်ခဲ့ပုံပါပဲ။

အဖွားဟာ သူ့ဆုတောင်းနဲ့သူတော့ အဟုတ်။ ဆေးရုံ ဆေးခန်းသွားရမှာ ကြောက်တဲ့အဖွား။ နေလို့မကောင်းတောင် ဘာမှမပြောဘူး။ ဆေးခန်းပြခိုင်းမှာစိုးလို့။ ဆေးခန်းမှာ အပ်တွေဘာတွေနဲ့ ထိုးမှာ ကြောက်လို့။ ငါသေရင်တောင် ဆေးရုံမခေါ်သွားနဲ့တဲ့။ ဇတ်ကနဲပဲ သေချင်တာတဲ့။ နေလာသမျှ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပဲ။ ဖျားတယ် နာတယ်ဆိုတာ မရှိသလောက်ပဲ။ ဆေးရုံဆေးခန်း မသွားရသလောက်ပဲ။ တစ်ခါတစ်လေတော့ အအေးမိလို့၊ ခေါင်းနောက်လို့။ အကြောတက်လို့ ဆေးလေးသောက် ဇက်ကြောလေးဆွဲပေးပါဦး။ ဒီလောက်ပဲ။ အဲ့လိုနဲ့ပဲ မနက်စောကြီး တစ်မနက်မှာ ဆွမ်းချက်ဖို့ နိုးလာတဲ့အဒေါ်ဟာ အဖွားသူ့အိပ်ခန်းရှေ့နားမှာ လဲနေတာကိုတွေ့လို့ ဆေးရုံခေါ်သွားကြတော့ အဖွားဟာ အဝေးကြီးကို ထွက်သွားခဲ့ပြီတဲ့။

အဲ့ဒီလိုနဲ့ အဖွား ရုတ်တရတ်ဆိုသလို ဆုံးသွားတော့ ကိုယ်လုပ်မယ်ကြံရွယ်ထားတာတွေပါ ပါသွားကုန်တာပေါ့။ ဟင်းချက်နည်းတွေ သင်မလို့ရယ်၊ အဖွားပြောပြနေကျ ဆွေမျိုးတွေအကြောင်း မှတ်တမ်းတင်ပြီး မိသားစု သစ်ပင်ကြီးကြီး ဆွဲမလို့။ အဖွားပြောနေကျ အဖွားရဲ့ အဖေတင်မက အဖိုးတို့ အဖွားအကြောင်း၊ အဖွားငယ်ငယ်က ရုန်းကန်ခဲ့ရတဲ့ နေ့ရက်တွေ အကြောင်း၊ အမျိုးနီးစပ်တော်ဖူးသူတွေရဲ့ သမိုင်း အကြောင်းအရာတွေ ကိုယ်ငယ်ငယ်ထဲက ဖန်တရာတေ နားထောင်ခဲ့ရပေမယ့် စာနဲ့သေချာ မရေးထားတော့ မေ့ကုန်လို့ပြန်မေးပြီး မှတ်တမ်းယူမို့ လုပ်ထားတာတွေ ဘာမှ လုပ်လို့မရတော့ဘူး။

ဒီလိုနဲ့ ကိုယ်တွေက တစ်ဘက်မှာ အရွယ်ရောက်လာတဲ့အချိန် ပညာတွေစုံ လူတတ်ကြီး လုပ်တတ်လာချိန်မှာ အခြားတစ်ဘက်မှာ ကိုယ့်ကို ငယ်ငယ်က စောင့်ရှောက်ခဲ့တဲ့သူတွေဟာ တဖြည်းဖြည်းအိုမင်းပြီး ခွဲခွာဖို့လမ်းကို သွားနေကြလေရဲ့လို့ တွေးမိတယ်။ ရုပ်ဝတ္တုအောင်မြင်မှုတွေနောက်ကိုလိုက်ရင်း ကျန်တာတွေ မလွဲချော်သွားဖို့ သတိထားရဦးမယ်။