မိအေးရဲ့ ကိုဗစ်နွေရက်များ

မိုးတွေရွာတော့မှ နွေရာသီအကြောင်းပြောရလို့ မိအေးကို အပြစ်မယူကြစေချင်ဘူး။ ဘာကြောင့်ဆို အရမ်းတွေ organized ဖြစ်တဲ့ မိအေးဟာ သူ့ရဲ့ တန်ဖိုးကြီး စာပေတွေကို ကြုံရင်ကြုံသလို့ ဟိုဝင်ရေး ဒီဝင်ရေး၊ ဖိုင်နာမည်အလွဲတွေနဲ့ သိမ်းထားပြီးရင် ပျောက်နေတတ်လို့။ အခုလည်း စာရေးဖို့လုပ်ကာမှ နွေရာသီအကြောင်းလေး ထွက်လာလို့ ဟိုဟိုဒီဒီ ပြင်ဆင်ရင်း။ ဒီနှစ်နွေရာသီဟာ အရင်နှစ်တွေကထက် ပိုထူးခြားပြီး အိမ်လည်းပိုကပ်နိုင်တာမို့ အမှတ်တရအနေနဲ့ မိအေး ရေးလိုက်တယ်။ မိအေးရဲ့ လွမ်းမောဖွယ်ရာ ကိုဗစ်နွေရက်များအကြောင်း။

နွေဦးပေါက်လာတဲ့အခါ နေ့လည်ခင်းတွေဟာ သိပ်ကို လှပလာတာပေါ့။ အပူချိန်တွေ နည်းနည်းစီတိုးလာပေမယ့် နေသာ ထိုင်သာရှိတုန်းပဲလို့ တွေးနေမိတုန်း ဟိုတစ်ရက်က ကမ္ဘာအေး မိုးလေဝသစခန်းကနေ ရန်ကုန်မှာ အပူချိန် ၄၁ ဒီဂရီနဲ့ စံချိန်သစ်တင်သတဲ့။ မိအေးကတော့ နွေနေ့လည်ခင်းတွေဆို အိမ်အပေါ်ထပ်က ဝရန်တာ သေးသေးလေးမှာ ထိုင်ချပြီး ဖတ်မှာရော ဓါတ်ပုံရိုက်ပြီး facebook တင်ကြွားဖို့ပါ ရွေးထုတ်ထားတဲ့ စာအုပ်တွေ တစ်ထပ်ကြီး ဘေးချ၊ ရွာငံကော်ဖီကို နို့မှုန့်များများ၊ သကြားပါလေကာနဲ့ စိတ်တိုင်းကျဖျော်ပြီး ဓါတ်ဘူးလေးထဲ ထည့်ထား။ နေပူပူမှာ ချွေးတစ်ရွှဲရွှဲနဲ့ ကော်ဖီပူကို တစ်ဖူးဖူးမှုတ်သောက်။

Phone Photo

ငယ်ငယ်က အညာမှာ နေခဲ့ရတဲ့ နွေရက်တွေကိုလည်း မိအေး သတိရမိပါရဲ့။ ရွေဘိုမှာနေတုန်းက နွေဆို ကော့ပျံလန်နေအောင် ပူလွန်း။ ကွပ်ပျစ်တွေလည်းပူ၊ သင်ဖြူးဖျာတွေလဲပူ။ ဘာကိုင်ကိုင်ပူ။ ဘယ်နေရာထိထိပူ။ လှုပ်လိုက်တာနဲ့ ချွေးတွေထွက်လာ။အရမ်းပူလာတဲ့အခါ အမေက အဖေရဲ့ ပုဆိုးအဟောင်းတွေကို ရေဆွတ်၊ ရေညှစ်ပြီး အဖေကပြတင်းပေါက်တွေကို လိုက်ကာလိုက်တယ်။ အဲ့ဒီကမှ ဖြတ်လာတဲ့ လေကလေးကတော့ အေးလို့ပေါ့။ ပြီးရင်တော့ ခနလေးနဲ့ ခြောက်သွားရော။ မောင်လေးကတော့ သူ့ကိုယ်သူအေးအောင် ပုဆိုးကိုခြုံပြီး စူပါမန်းလုပ် ကစားနေလေရဲ့။ ညီမလေးကတော့ အေးရာအေးကြောင်း သံမန်တလင်းပေါ် ထိုင်ဆော့နေတော့တာပဲ။

အညာမှာ တမာပင်တို့ ဘောစကိုင်းပင်တို့ အလွန်ပေါတယ်လေ။ သူတို့အရွက်တွေက ခပ်စိပ်စိပ် သေးသေးနဲ့ နေစူးတာကိုလည်း မကာနိုင်ဘူး။ အိမ်နောက်ဘက် နေပူပူ မြေကြီးတွေကလဲ ဖြူဖြူပြောင်ပြောင်ရှင်းရှင်းကြီးမှာ ဘောစကိုင်းပင် မတ်မတ်ကြီးတွေ လေအဝှေ့မှာ ယိမ်းထိုးနေတာများ လူဆိုးကြီးတွေလိုပဲ။ အငယ်တွေနဲ့ ကလဲ သိပ်မတည့်တော့ မိအေးမှာ ပရိတ်သတ်လိုတဲ့အခါကျ သူတို့ကိုပဲ စာသင်ပေးရ၊ ကျောင်းက ကျပန်းပြိုင်ပွဲအတွက် သူတို့ကိုပဲ ပရိတ်သတ်လုပ်ပြီး ဟောရ၊ ပြောရ၊ လေ့ကျင့်ရတာလဲ ရှိတာပေါ့။

ရန်ကုန်နွေကလည်း အခုဆို အညာနွေနဲ့အပြိုင် ပူပြင်းလိုက်ပုံများ မနက်ဘက် ထွက်လာတဲ့နေရောင်ဟာ စလိုက်မီးထိုးထားသလိုပဲ။ နေ့ခင်းဆို ပူလွန်းလို့ ဘယ်သူမှမနေတဲ့ အပေါ်ထပ်မှာ ချွေးတလုံးလုံးနဲ့ စာဖတ်၊ ရုပ်ရှင်ကြည့်ပြီး နေ့လည်နေ့ခင်း တရေးတမော အိပ်တယ်။ ပြတင်းပေါက်ဘေး ချွေးတွေနဲ့အိပ်တော့ ပူပေမယ့် လေတိုက်တဲ့အခါ နည်းနည်း ပြန်အေး။  နေ့လည်အချိန် အမေက အိမ်အပေါ်ထပ်လာပြီး သူစာထိုင်ဖတ်ဖို့ အဲကွန်းလာဖွင့်ရင်တောင် သိပ်မကြိုက်ချင်ဘူး။ မိအေးက သဘာဝကို သဟဇာတဖြစ်ဖြစ် နေချင်သူလေ။ (တခါတလေလည်း ကြီးကြီးကျယ်ကျယ်တွေပေါ့။)  အဲ့အချိန်ဆို ဖြတ်တိုက်လာတဲ့ လေပူတွေတောင်တော်တော် တန်ဖိုးရှိနေတာကိုး။

အိမ်အပေါ်ထပ် ဝရန်တာရှေ့နား အိမ်ရှေ့ အုတ်ခုံနံဘေးက ခရေပင်နှစ်ပင်က အရွက်တွေ သွပ်ပြားပေါ်မိုးကျနေပြီး တစ်ချက်တစ်ချက် လေတိုက်လို့ တစ်ရှဲရှဲမြည်တဲ့ အသံရယ်၊ ဖြတ်သွားတဲ့ လူသံ၊ စက်ဘီးသံရယ်၊ အမျိုးအမည်မသိတဲ့ ငှက်ကလေးတွေရဲ့ အော်သံတွေရယ်အကြား ဥသြငှက်သံကိုလည်း နားစွင့်မိတယ်။ သူပါမှ နွေဟာ နွေသရုပ်ပိုမှန်လာမှာမို့။ ပြောမယ့်သာ ပြောရတာ ဒီနှစ် သင်္ကြန်မှာ မိအေးတို့ ရေလည်းမပက်လိုက်ရ၊ ပိတောက်ပန်းတောင် တော်တော်နဲ့ တွေ့ရတာမဟုတ်ဘူးလေ။ ပူတာကလွဲပြီး နွေဟာ နွေနဲ့မတူတော့တာ အမှန်ပဲ။ အဖူးတွေနဲ့ညွတ်နေတဲ့ ပိတောက်ပင်အိုကြီးမှာ မိုးပြေးလေးစောင့်ရင်း သူ့အဖူးအညွန့်လေးတွေ နေပူညှိုးသွားရှာတာ မချိတင်ကဲ ကြည့်နေခဲ့ရတာပဲလေ။ သိပ်မကြာလိုက်ပါဘူး၊ နွေရာသီကြီး မိုးတွေလေတွေကျလို့ ခမျာ အစွမ်းကုန်တော့ ပွင့်ရရှာပါရဲ့ ​ကြာရှည်မခံလိုက်ရ။ ပိတောက်တွေပွင့်ပြီးမှ မိုးတွေဆက်တိုက် ရွာနေလို့ ပိတောက်ကြွေပွင့်တွေနဲ့ မြေတွေနဲ့ ​ေရာပြီး ဗွက်တွေလိုဖြစ်ကုန်လို့ ဝင်းထဲမယ် ညနေဘက် လမ်းလျှောက်လို့တောင် မကောင်းတော့ဘူးရယ်။

နေ့လည်ဘက် ထမင်းစားပြီးရင် ဝရန်တာဘက်ထွက်၊ ခြေထောက်လေးဆင်းပြီး အေးအေးဆေးဆေး စာဖတ်ရတာ အရသာ အရှိဆုံးပဲ။ နည်းနည်းလေး ငိုက်လာရင်တော့ တစ်ရေးတစ်မော ဝင်အိပ်။ ကိုဗစ်ကြောင့် ဘယ်မှမသွားရဘဲ အိမ်မှာ ကပ်နေရတဲ့ နွေပိတ်ရက်တွေကို မိအေး ကျေးဇူးတင်မိတယ်။ နွေပိတ်ရက်ဆိုတာ အရင်တုန်းက ကျောင်းသားဘဝမှာပဲ ရှိခဲ့တာမဟုတ်လား။ အခုတော့ ကိုဗစ်ကြီးကြောင့် ရုံးက တစ်ရက်တက် တစ်ရက်နားနဲ့ သင်္ကြန်ပိတ်ရက်ကြီးနဲ့ ရက်ဆက်ကာသွားပေါ့။

Unsplash Photo

လူဆိုတာကလည်း အထူးအဆန်းပဲရယ်။ အရင်က စာဖတ်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ အိမ်ရှင်းဖို့ကို အချိန်မရှိလို့ ဆိုပြီး ညီးညူနေရာကနေ ရုတ်တရတ် အချိန်တွေ ပိုထွက်လာတော့လည်း မိအေးမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူးရယ်။ စာပဲဖတ်ရမလို၊ ရုပ်ရှင်တွေ ထိုင်ကြည့်ရမလို၊ စာတွေပဲ တစ်နေ့တစ်ပုဒ် ရေးရမလိုနဲ့ပဲ။ တကယ်တမ်းကျ ဘာမှ မဖြစ်လာဘူးလေ။ ဒီလိုအချိန် ကိုယ့်အိမ်   ကိုယ့်မြို့လေးမှာ မိသားစုနဲ့ အတူနေရတာကိုပဲ ကျေးဇူးတင်စရာထင်မှတ်ရတယ်။ မနက်ထရင် မနက်စာကို သေချာ စားနိုင်လာတယ်။ ခါတိုင်းဆို ဝရုန်းသုဉ်းကားနဲ့ ထမင်းချိုင့်ပါအောင် မနည်း ထ၊ ချက်ပြုတ်၊ ထည့်ယူပြီး ဗိုက်ဟောင်းလောင်းနဲ့ ရုံးရောက်လာရတာတွေချည်းပဲ။ မနက်ဆို အဖေက အိမ်ကနေ မီးပွိုင့်ထိပ်ကို လိုက်ပို့မယ်။ နည်းနည်းလေး နောက်ကျတာနဲ့ ကားတွေ ပိတ်ပြီပဲ။

အရင်က ရုံးသွားရတဲ့ မနက်ခင်းတွေမှာ အချိန်ဟာ ၁-မိနစ် ၂-မိနစ်လေးကအစ တန်ဖိုးရှိတယ်။ အချိန်ရရင်ရသလို မိအေးရယ် မိတ်ကပ်ခံ သနပ်ခါးပေါ်မှာ နှုတ်ခမ်းနီဆိုး၊ မျက်ခုံးမွှေးဆွဲ လုပ်နိုင်တယ်လေ။ ရုံးရောက်ရင်တော့ အဖော်အပေါင်းတွေက အားပေးရှာတယ်။ မျက်နှာပြောင်ကြီးနဲ့ ရုံးလာပြန်ပြီ ဆိုတာမျိုး။ ဒါပေမယ့်လည်း စောစာအိပ်လိုက်သင့်တဲ့ ညဘက်တွေနဲ့ မထနိုင်သော မနက်ခင်းများရယ်၊ မျက်နှာဗလာနဲ့ လှပသော ရက်စွဲများဟာ မိအေးရဲ့ မူပိုင်တွေပဲမို့ ဆက်လက်ထိန်းသိမ်းထားဆဲပဲ။ အချိန်ရရင်တော့ ဘယ်လို လှလှလေးနေမှာ၊ ဘယ်လို စကင်းတွေကဲမှာ၊ ဘယ်လို ရှိုးစမိုးတွေထုတ်မှာလို့ တွေးနေတုန်း အသက်သုံးဆယ်နဲ့ အဆီပိုတွေဟာ ရောက်လို့လာတော့မယ်။

နေ့လည်နေ့ခင်း အိပ်လို့ပြီးရင်တော့ ညနေစောင်းပြီလေ။ ညနေစာစားဖို့ ပြင်ရမယ်။ များသောအားဖြင့် ညနေစာမစားခင် နေအေးတာနဲ့ လမ်းထွက်လျှောက်တယ်။ ပြေးလိုက်လျှောက်လိုက်ပေါ့လေ။ မိအေး အဲ့တုန်းက ညနေဘက်တွေဆို အနည်းကလေး (၂) မိုင်ရအောင် အိမ်ရာဝင်းထဲတင် ပတ်ပြေးတယ်။ (၂) မိုင်ကို နာရီဝက်နဲ့ရအောင် ပြေးတာ ဟောဟဲကို ဆိုက်လို့။ လှချင်တာကိုး။ ချွေးတွေအများကြီး ထွက်ပြီးသွားရင် နေလို့ထိုင်လို့ ကောင်းလာရော၊ မျက်နှာလေးလည်း ပိုကြည်လင်လာရောပဲ။ အမေ့ကိုလည်း လမ်းလျှောက်ဖို့ ခေါ်ရသေးတယ်။ အမေက အိမ်ထဲမှာပဲ အနေများတာမို့။ အဖေကတော့ ညနေတိုင်း ခြေလှမ်း (၁) သောင်းပြည့်အောင် လျှောက်နေကျ။

Unsplash Photo

အိမ်မှာနေရတဲ့ အချိန်များလာတော့ အမေနဲ့လည်း ဟိုဟိုဒီဒီလျှောက်ပြော၊ စကားတွေများတော့လည်း အမှားတွေပါ​ပေါ့။ အခန့်မသင့်လို့ ပြန်ပြောမိရင် ဒရာမာ ဇာတ်လမ်းတွေဖြစ်ကုန်ရော။ တစ်ရက်တော့ မိအေးက တစ်ခွန်းမခံ ပြန်ပြောလို့တဲ့ နင့် ဒီလို အချိုးမျိုးနဲ့ ယောက်ျား ရရင် အရိုက်ခံရမှာတဲ့။ အဲ့လို ပြောရပါ့မလားလို့ တစိမ့်စိမ့်တွေးပြီး စိတ်တွေမကောင်းလွန်းလို့ မျက်ရည်လေးဝဲတဲဝဲတဲ။ သူ့ဘာသာသူတောင် ကိုဗစ်ကြောင့် ဘယ်မှာမှ ဆိပ်ကမ်းမဆင်းရလို့ ဘူပိတ်နေတဲ့ သင်္ဘောပေါ်က ဟိုတစ်ယောက်ကိုလည်း လှမ်းပြီး ရန်လုပ်ရသေးတယ်။ နင် အဲ့လိုမျိုးဆိုလို့ကတော့လားဆိုပြီး။

အမေနဲ့မှ စကားမပြောရင်လည်း အဖော်မရှိလို့ မနေနိုင်ပါဘူး၊ ပြန်ခေါ်ရတာပဲ။ သင်္ကြန်တွင်း အတူတူ ဥပုသ်စောင့်တော့ ၁၂ နာရီမထိုးမချင်း၊ ထမင်းအတူတူစား၊ ကော်ဖီ အတူတူသောက်၊ ရှိသမျှမုန့်အချိုပွဲတွေစား။ စားလို့ရသမျှ မျှဝေစားသောက်ပြီးရင် နေ့လည်အိပ်၊ ညနေဘက်ကျ တူတူ လမ်းလျှောက်ထွက်။ ညဘက် ဥပုသ်သည်အချင်းချင်း စည်းစည်းလုံးလုံး အအေးသောက်။ နောက်ရက်မနက် ဥပုသ်ထွက်လို့ဆိုပြီး မနက်စာကို စိတ်ကြိုက် ချက်ပြုတ်စား။ တစ်ရက် တစ်ရက် အုန်းနို့ခေါက်ဆွဲ၊ ကြာဆံကြော်၊ မုန့်ဟင်းခါး၊ သာကူ၊ ငှက်ပျောပေါင်း၊ မုန့်လက်ကောက်ကြော် လုပ်စားတာတွေ မထပ်စေရ။ ဘေးအိမ်က အဖွားကတောင် လက်တည့်စမ်း မုန့်တွေ ခနခန လာပေးမှာ ကြောက်လွန်းလို့ တစ်ခါတစ်ခါ မုန့်ပေးဖို့ကို အိမ်ရှေ့ကနေ တော်တော် အော်ခေါ်ယူရတယ်။

ကိုဗစ်ကြောက်လို့ အပြင်မထွက်ရအောင် အဖေက  အိမ်အတွက် အဝယ်တော် တာဝန်ယူတယ်။ အမေမှာသမျှရော မမှာတာတွေပါ တစ်ပတ်တစ်ခါနှုန်း အပြည့်ဝယ်ထားပေးတယ်။ အမေဟာ ကိုဗစ်ကို ဘယ်လောက်တောင် ကြောက်သလဲဆို အရင်က စျေးဝယ်စရာမရှိရင်တောင် အကြောင်းရှာပြီး မနက်တစ်ခေါက်၊ ညနေတစ်ခေါက်  ပုံမှန်သွားနေကျ ရပ်ကွက်စျေးလေးကို ခြေဦးမလှည့်တော့တာ အခုထိပဲ။ အမေဝယ်နေကျ အမေ့ရဲ့ ဘော်ဒါ ဟင်းရွက်သည်ကြီး အရင်းပြုတ်သွားလို့ထင်တယ် မရှိတော့ဘူး။ စျေးမထွက်တော့ဘူးလို့ ပြောတာတောင် သွားပြီး မစပ်စုတော့ဘူး။ ကိုဗစ်ဟာ လူတွေ ဘယ်လောက်များများရဲ့ ဘဝတွေကိုများ ထိုးနှက်ပစ်ခဲ့ပြီးပြီလဲ မသိဘူး။

အမေနဲ့ စိတ်ဆိုး စကားမပြောလဲ ခနပေါ့။ မိအေးနဲ့ စကားမပြောရင် အမေ့အနား အငယ်မက ပိုကပ်သလိုပဲ။ အဲ့တော့ ညကျ အမေ သတင်းကြည့်ရင် မယောင်မလည်နဲ့ မိအေးက ဘေးနားက ခြင်လိုက်ရမ်းပေးရတယ်။ အမေက ခြင်ကိုက်လို့ ကိုက်မှန်းလည်းမသိ၊ ခြင်တွေဝဲနေတာမြင်ရင် ကိုယ်က မနေနိုင် လိုက်ရိုက်မိ။ အမေက ထအော်။ အဲလိုနဲ့ပဲ ပြန်ပြေလည်သွား။ မိအေးမှာ ခြင်နဲ့ ပတ်သက်တဲ့ ခံယူချက် (၂) ချက်ပဲရှိတယ်။ ပိန်နေတဲ့ အကောင်ကို သူကိုယ့်ကိုမတွယ်ခင် ဦးအောင် ဆော်ထားဖို့ရယ်။ ဝနေတဲ့အကောင်ဆို သူက ကိုယ့်ကို ဆော်သွားပြီမို့ မလွတ်တမ်း ပြန်ကလဲ့စားချေဖို့ရယ်။ ဥပုသ်စောင့်တဲ့ နေ့တွေထဲတော့ စိတ်ကို မနည်းထိန်းရတာပေါ့။

Unsplash Photo

ဒီနွေကြီးများ ကိုဗစ်သာမဖြစ်ရင် မိအေးတော့ နိုင်ငံခြားမှာ ကျော့ကျော့ ကော့ကော့ကလေး ဟန်ကျပန်ကျဖြစ်နေလောက်ပြီ ဆိုပြီး စိတ်ကူးယဉ်ရတာလဲ မမောပါဘူး။ တခါတလေတော့လည်း ကိုဗစ်ကြီးကများ လက်ရှိအချိန်လေး တန်ဖိုးထားနေတတ်ဖို့၊ ကိုယ့်အနားမှာရှိနေပေးတဲ့သူတွေကို ကျေးဇူးတင်တတ်ဖို့ သင်ခန်းစာတွေ ပေးနေသလား ထင်မိတယ်။ နိုင်ငံခြားသွားရင် ဝတ်ဖို့ အင်္ကျီချုပ်ထားတာတွေလည်း မတော်တော့ဘူး။ Discount ချတုန်း ကြိုဝယ်ထားတဲ့ 20 kg ခရီးဆောင်အိတ်ကြီးကိုလည်း ဝက်ညိုတို့အဖွဲ့ သေးမပန်းရအောင် ကျွတ်ကျွတ်အိတ်နဲ့ထုပ်ပြီး သေချာသိမ်းထားရတယ်။ အားတဲ့အချိန်ဖတ်ဖို့ စုထားတဲ့  စာအုပ်တွေရယ်၊ အလုပ်အတွက် ဖတ်မယ်ဆိုပြီး သိမ်းထားတဲ့ ရုံးစာတွေရယ်၊ ပိန်သွားရင် ဝတ်မယ်ဆိုပြီး သိမ်းထားတဲ့ အဝတ်တွေနဲ့ Minimalist ဖြစ်ချင်ရှာသူ မိအေး တစ်ယောက်မှာ အနာဂါတ်ပစ္စည်းတွေအကြား လတ်တလော နေစရာနေရာတောင် ပျောက်နေလေရဲ့။

ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင်။ ဟိုသွားချင် ဒီသွားချင်တာတွေကို ခန မေ့ထားပြီး အခုလောလောဆယ်တော့ စပန့်အင်္ကျီလေးဝတ်၊ ဝတ္တုစာအုပ်လေး ဖတ်၊ ကော်ဖီလေး တစ်ခွက်နဲ့ အပီအပြင်နှပ်နေလိုက်တယ်။ နေ့လည်ခင်းကျ တရေးတမောအိပ်၊ ညနေဘက် လမ်းထွက်လျှောက်၊ ကျန်းမာရေးလိုက်စားလိုက်ဦးမယ်။ ကိုဗစ်ပြီးပြီး မပြီးပြီး ကမ္ဘာကြီးက သူ့ဘာသာသူ လည်ပတ်နေရင်း မိအေးတို့တစ်တွေလည်း အသက်တွေ တစ်ရက်ပြီးတစ်ရက် ကြီးသွားကြမှာပဲ မဟုတ်လား။ ရတဲ့အချိန်လေးမှာ အခု လုပ်ချင်တာလေးတွေကို လုပ်ရင်း၊ မိအေးတို့မှာ လက်ဆုပ်လက်ကိုင်ရှိနေတဲ့ အရာလေးတွေနဲ့ပဲ ပြောင်းလဲသွားတဲ့ ကမ္ဘာသစ်ကြီးထဲ စီးဝင်ကြဖို့ လုံးပမ်းနေရဦးမှာပဲ မဟုတ်လား။