မိအေးနှင့် ၅,၂၀၀ ရှင်းတမ်း

မိအေးစိတ်ကူးထဲက ဝန်ထမ်းပေါက်စလေးတစ်ဦးရဲ့ ရွှေရောင်အနာဂတ်ကြီးကတော့ ရွာကဘကြီးရဲ့ နဖူးလောက်တောင် ပြောင်ပြောင်ရောင်ရောင် ရှိနေရဲ့လား

မိအေးနှင့် ၅,၂၀၀ ရှင်းတမ်း

စျေးကို ရုံးဖယ်ရီကားဆိုက်တော့ မိအေး ပိုက်ဆံအိတ်ကို ဟန်ပါပါနဲ့ထုတ်လိုက်တယ်။ ကဲ လိုတာလေးတွေဝယ်ရအောင် အိတ်ထဲက ခုန်ထွက်ရမယ့် ပိုက်ဆံလေးတွေကို ရေတွက်ကြည့်မိတယ်။ ရေမိတယ်သာ ပြောရတယ် ATM က ဖြတ်ပိုင်းတွေ မလိုတဲ့ကတ်တွေ စာရွက်ပိုင်းတွေကြား ဆင်ကလေးတစ်ကောင်ကိုသာ လှမ်းမြင်ရတော့ ရင်ထဲတကယ် မကောင်းနိုင်ဘူး။ မတတ်နိုင်ဘူးပေါ့။ ပြတ်တုန်းလပ်တုန်း ၂၃ အခြေအနေမှာ သူ့ကို မိအေး ဆက်ဆွဲမထားနိုင်တော့ဘူးလေ။ လစာထုတ်ရက်ဆို ရွပိုးထိုး အပြင်ထွက် စားသောက်ခဲ့သမျှ လကုန်ရက်ဆို မျက်နှာတွေငယ်တာ အရမ်း။ လစာထုတ်တိုင်း အသုံးစရိတ်စာရင်းမှတ်မယ် လုပ်ထားတာလည်း တစ်ပတ်အပြင် ပိုမလုပ်ဖြစ်ပါဘူး။ ဒီလိုနဲ့ပဲ ကပ်စေးနည်းမိအေးနှင့် ခြေရာပျောက် ဆယ်လရီများ ဝတ္တုကိုပဲ ဆက်ရေးနေမိတော့တယ်။

budget pictures by Unsplash

ပိုက်ဆံအိတ်ယူသွားလည်း ရှုပ်တာပဲရှိမယ့်အတူတူ ရှိတာလေးတွေ ချောင်ကြားအကန့်လေးတွေထဲကပါ ဆွဲထုတ်တော့ စုစုပေါင်း မြန်မာငွေ ၅၂၀၀ ကျပ်တိတိပါလား။ တိတိကျကျဆို ငါးထောင်ကျပ်တန် တစ်ရွက်၊ တစ်ရာကျပ်တန် ၂ ရွက်၊ ပေါင်း ၃ ရွက်။ သူတို့လေးတွေကို မိအေး လက်ထဲ ဂရုတစိုက်ဆုပ်ကိုင်ပြီး စျေးဘက်ကို ခပ်သုတ်သုတ်လေး လျှောက်လာခဲ့မိတယ်။

မိအေး ပထမဆုံးလုပ်ရမှာက ဖိနပ်အပါးလေးတစ်ရံ ဝယ်ဖို့၊ နေပြည်တော်မှာ ရုံးတက်တုန်းစီးဖို့လေ။ ဟိုတစ်ရက် ရုံးဖယ်ရီကြိုတာ ၅ မိနစ်အစောမှာ တစ်ယောက်တည်း ဝရုန်းသုန်းကားတွေဖြစ်ပြီး စီးလက်စ အိုင်ပန်နီးမား ဖိနပ်ကလေးက ပြတ်သွားရှာ။ ဖယ်ရီဦးလေးတွေဆိုတာကလဲ စိတ်ရှည်တဲ့သူက ခပ်ရှားရှားမဟုတ်လား။ “တီး တီး တီး တီး” ဆို ဟွန်းတွေ ဆက်တိုက်တီးမယ်၊ ဝူးဝူးဆို မောင်းထွက်သွားမယ်။ ကိုယ်နောက်ဆုံးမှတက်သွားရင် ကိုယ့်မှာ အပြစ်သားလိုလို ငိုရမလို ရယ်ရမလိုဖြစ်လို့။ အခြေအနေမကောင်းရင် တက္ကစီခအပို ထွက်သွားနိုင်မယ့်အဖြစ်ကို မခံစားနိုင်လို့ မိအေး အိုင်ပန်နီးမားကိုပဲ အပြစ်တင်နေလိုက်ရတယ်။ မိအေး နေပြည်တော်လာခါနီးမှ အမေဝယ်ပေးထားတဲ့ တစ်ပြေးညီ ဒေါက်မြင့် ဖိနပ်ကလေးလည်း Sole ကကော်ကွာနေပြီမို့ ပြန်ပြင်ရဦးမယ်။

မိအေးနှယ် အလုပ်ဝင်ကတည်းက ရန်ကုန်/ နေပြည်တော် ခွဲခြားမနေပါဘူး။ ပို့တဲ့နေရာ ထားတဲ့နေရာ နေနေတာပါပဲ။ တချို့ကကျ ရန်ကုန်မှာ နေရတာကို ကံထူးရှင်ရယ်လို့ ယူဆကြတယ်။ မိအေးတို့က မွေးကတည်းက ရန်ကုန်သူစစ်စစ် ရေမရောနေလာတာဆိုတော့ တခြားနေရာဆို အသစ်အဆန်းတောင်ဖြစ်သေး။  ဘယ်နေရာ ရောက်ရောက်လည်း နေတတ်ပါ့။ ရန်ကုန်မှာဆို မိဘအိမ်မှာ အတူနေရလို့ ကံကောင်းတယ်သာ မှတ်ရတယ်။ မိအေးနှယ် နေပြည်တော်တာဝန်ကျတုန်းကလည်း ပျော်တာပဲ။ သူငယ်ချင်းနဲ့ ဆိုင်ကယ်တစ်စီးနဲ့ နေပူထဲလည်း လျှောက်သွား၊ ဝဏ္ဏသိဒ္ဓိမှာ ရေသွားကူး၊ ပျဉ်းမနားဘက် ဗေဒင်သွားမေး၊ ရှမ်းကန်ဘေးနားက ကားနဲ့ဒူးရင်းသီးသည်တွေဘက်သွားပြီး ဒူးရင်းသီးထိုင်စား၊ ဘုရားပွဲစျေးလည်း ရောက်တာပဲ။ ဟိုဆည် ဒီဆည်လည်း သွားလိုက်တာပဲ။ တစ်ခါက လျှောက်သွားရင်း ဆိုင်ကယ်ဘီးပေါက်သွားလို့ နေပူကျဲတဲမှာ တွန်းပြီး အနီးဆုံး ကျွတ်ပြင်ဆိုင်ကိုသွား၊ ပြီးမှ ကားနဲ့ သူငယ်ချင်းကလာခေါ်  ပျော်တာပဲ။ မနက်ဘက်တွေ လက်ဖက်ရည်ဆိုင်ထိုင်ရရင် မင်းသီဟက မြီးရှည်အကြိုက်ဆုံးပဲ။ ညဘက်တွေ Unplugged ရှိတဲ့ဆိုင်သွား သီချင်းနားထောင်၊ ကာရာအိုကေ သွား အော်ကြ၊ ကားနဲ့ လာခေါ်ကြရင်တော့ ပိုပြီး ဝေးဝေးရောက်တာပေါ့။ လယ်ဝေးက ကြက်သား ကာလသားချက်တို့ ဘာတို့။ စားသောက်ပြီးမှ နောက်ဖေးဘက်မှာ ကြက်ခြံတွေ့တော့မှ စိတ်မသက်မသာတွေဖြစ်ပြန်လာရတာမျိုး။ ပြောချင်တာက ဘယ်မှာရောက်ရောက် ပျော်အောင် နေတတ်တာမျိုးလို့။

Friends by Unsplash

ခုတော့ ရန်ကုန်မှာတာဝန်ကျတာပေါ့။ ရန်ကုန်ကနေများ အကြောင်းကြီးငယ် အသွယ်သွယ်ကြောင့် နေပြည်တော် တစ်ခါသွားရရင် ဘတ်ဂျက်ကတော့ အတော်ထိတယ်လေ။ ရုံးကတော့ ကားခပြန်ပေးပါတယ်။ လမ်းမှာ ဆာဆာမဆာဆာ ပျင်းလို့ ဝယ်စားတဲ့ မုန့်ဖိုးရယ်၊ နေပြည်တော်နေ့စဉ်အတွင်း ရုံးမှာ မှာစားတဲ့ ထမင်းချိုင့်ဖိုး၊ ရောက်တုန်းဆိုပြီး တစ်နေ့တစ်မျိုးမထပ်အောင် အပြင်ထွက် စားရသောက်ရတာတွေရယ်၊ တက္ကစီခ၊ အိုးဝေခတွေအပြင် ဝယ်ရခြမ်းရတာတွေဟာ ဘယ်စာရင်းမှာမှ မပါတဲ့ ကိုယ်ပိုင် ငွေစာရင်းခေါင်းစဉ်ပေါ့။ ဒါတောင် အဆောင်မှာ လက်ခံထားပြီး ပြုစုကျွေးမွေးတဲ့ သူငယ်ချင်း၊ ကားနဲ့တင်ခေါ်ပြီး ကျွေးမွေးတဲ့ သူငယ်ချင်းတွေဘက်က စိုက်ထုတ်တာ ကုန်ကျတာတွေ မပါသေးဘူး။ သူငယ်ချင်းတွေခမျာ မိအေး နေပြည်တော်လာတဲ့ အသံကြားရင် မျက်ခုံးလှုပ်နေကြရှာမှာ။

မိအေးက စျေးသွားရတာ​ပျော်တယ်။ အသီးအရွက်သည်တွေတွေ့ရင် အ​ပျော်ဆုံး။ သူတို့ ခြံထွက်တွေ အရမ်းဝယ်ချင်တာ။ နေပြည်တော်မှာ မြို့မစျေးကို အကြိုက်ဆုံး။ အသား၊ ငါး၊ အသီး၊ အရွက်တွေ အရမ်းလတ်တယ်။ တန်လဲတန်တယ်။ တစ်ခါတစ်ခါ နေပြည်​တော်ကနေ ပြန်ရင် သရက်သီး၊ ငှက်ပျောသီးကအစ မှို၊ အင်ဥ၊ ရုံးပတီသီး၊ မျှစ်စိမ်းအဆုံး အိမ်ပြန်သယ်တတ်လို့ အမေကတောင် တားယူရတယ်။ ရန်ကုန်မှာ ရှိတာတွေ အလေးခံသယ်မလာဖို့။ တစ်ခါကလည်း ငှက်ပျောသီး ခွံစိမ်းအဖီးလိုက်ကြီးတွေ သယ်သွားတာ အဖွားက "ငါ့မြေးမကြီး လာပေးတဲ့ငှက်ပျောသီး ချိုလို့ စားလဲကောင်းလို့" တဲ့ ပြောမဆုံးဘူး။

ဟိုတွေး ဒီငေးနဲ့ မြို့မစျေးတစ်ခွင် ပြဲပြဲစင်အောင်လမ်းသလားပြီးသကာလ ဖိနပ်ဆိုင်တွေမှာ ဝင်ရွေး၊ စျေးအသက်သာဆုံး ဖိနပ်အပါးပေးပါဟေ့။ စလစ်ပါထဲမှာ ယင်းမာနဲ့ ယုဝ တံဆိပ်နှစ်မျိုးဟာ အလွန်ရေပန်းစားကြောင်းနဲ့ ဒီဇိုင်းကာလာ ဘာညာအနေအထားမှာ ယုဝကတော့ နံပါတ်တစ်ပြေး ပျိုမေအကြိုက်ဖြစ်နေကြောင်း၊ ဒေါက်ပါလေဟန်လေးနဲ့ အမေစုစီးတဲ့ဖိနပ်ပုံဒေါက်ဆိုတာကတော့ နဲနဲစျေးမြင့်​ကြောင်း၊ ဆရာမဒေါက်နှင့် အမေစုဒေါက်မှာ ဒီဇိုင်းအတူတူပင်ဖြစ်ကြောင်း၊ အဖြူနဲ့ နံ့သာရောင်၊ အဝါဖျော့ဖျော့အရောင်၊ နို့နှစ်ရောင်နှင့် ဆင်စွယ်အရောင်များစွာ (ယောကျားလေးတွေ ခွဲခြားနိုင်လားမေး)  ရွေးချယ်နိုင်ကြောင်း အဆင့်ဆင့် လေ့လာဆန်းစစ်ပြီးချိန်မှာတော့ တန်ဖိုးမှာ ၁၀၀ သာ ကွာပြီး ဒီဇိုင်းမှာ ခေတ်ရှေ့ပြေးတဲ့ ယုဝဖိနပ်တစ်ရံကို မိအေး စိတ်ဒုန်းဒုန်းချ ဝယ်လိုက်တယ်။ ဒုန်းဒုန်းမချလို့လည်းမရဘူး၊ ဖယ်ရီကားက အချိန်နဲ့လေ၊ စိတ်ကြိုက်သာ ရွေးရရင် စျေးလည်းပိတ်၊ ဖယ်ရီလည်း ထားခဲ့လိမ့်မယ်။ မိအေးတို့ မိန်းကလေးတွေဆိုတာကလည်း ဘာပဲဝယ်ဝယ် စိတ်ကြိုက် ရွေးလိုက်ရမှမဟုတ်လား။ ဒါတောင်ရွေးနေရင်းနဲ့ကို ဝယ်ပြီးမှ မကြိုက်လို့ ချောင်ထိုးပြီး ပစ်လိုက်ရတာတွေ အများကြီးပဲ။

ပြီးတာနဲ့ မိအေး ဘေးချုပ်ရိုးတွေသီပြီး ရုံးယူနီဖောင်းလုပ်ဝတ်နေတဲ့ အမေ့ရဲ့ အရင်တုန်းက မိခင်နှင့် ကလေးဝတ်စုံက ရင်ဖုံးအင်္ကျီအဝါလေးကို ခုနည်းနည်းဝလာတော့ ချုပ်ရိုးဖြေဖို့ ဆိုင်အပ်ထားတာ သွားယူရမယ်။ အင်္ကျီကသိပ်မဟောင်းသေးပေမယ့် အရင်တုန်းက နှိပ်စိကြယ်သီးတွေက အထစ်ပြုန်းပြီးမမြဲလို့၊ နှိပ်စိအသစ်ပြန်တပ်ရမယ်တဲ့။ ဆိုင်က ညီမလေးကတော့ ဒီတိုင်းထည့်ပေးလိုက်မယ် ပြောပေမယ့် ခပ်တည်တည်ပဲ မိအေးဘက်ကပဲကျသင့်ငွေကို ဦးအောင် ရှင်းလိုက်တယ်။ နှိပ်စိကြယ်သီး (၅) လုံးဖိုး ၂၀၀ ကျပ်။

စက်ချုပ်ဆိုင်တန်းဘက်က ပြန်ထွက်၊ စျေးအလယ်က အိတ်တွေ ဖိနပ်တွေ ပြင်တဲ့အတန်းမှာ ဖိနပ်ကော်ကွာနေတာလေးကို ဆိုင်ရှင်ဦးလေးက အခမဲ့ ကော်ကပ်ပေးလိုက်လို့ မိအေး စိတ်ထဲကနေ ဦးလေးကြီး ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းလိုက်ရတာလည်း အမောပဲ။ နည်းနည်းပဲဖြစ်ဖြစ် ချွေတာနိုင်ခဲ့ပြီမဟုတ်လား။

money picture by Unsplash

ပြီးတာနဲ့ စားစရာ လိုတာလေးတွေဝယ်ဖို့ အပြင်ဘက်တန်း ညနေစျေးဘက်ထွက်လာတော့ မိအေး လက်ထဲမှာ ၃၇၀၀ တိတိ ကျန်သေးတယ်။ ကဲ ဒီတစ်ခေါက်တော့ ခဲဖျက်တစ်ခုဝယ်ဖြစ် အောင်ဝယ်ရမယ်။ IELTS မေးခွန်းတွေထဲ ခဲတံတွေနဲ့ ဟိုခြစ် ဒီခြစ်လုပ်ထားတာတွေ ပြန်ဖျက်ပြီး ပြန်လေ့ကျင့်ဖို့အတွက်။ အဲ့ဒီ အင်္ဂလိပ်စာဆိုတာကြီးကလည်း မိအေး ဘယ်တော့မှများ ကျွမ်းလာမှာလည်းမသိ။ ကျောင်းတက်၊ တက္ကသိုလ်တက်၊ အခု အလုပ်ထဲအထိ အင်္ဂလိပ်လိုစာတွေက ဖတ်လိုက် နားမလည်လိုက်၊ နားလည်ပြန်တော့လည်း ပြန်မပြောတတ်လိုက်၊ မိအေး ပြန်ပြောတတ်တော့လည်း သူတို့ နားမလည်လိုက် ဖြစ်နေတုန်း။ ကျောင်းတုန်းက မိအေး ပါမောက္ခပြောခဲ့တာ သတိရတယ်။ နင်တို့ ငပိရောင်းမယ်ဆို ကိုယ့်မှာ အရင် ငပိရှိအောင်လုပ်ရမယ်လေတဲ့။ မိအေးမှာ အခုတော့ ကိုယ့်မှာ ဘာရှိလို့ ဘာရောင်းနေရမှန်းတောင် မသိတော့ပါဘူး။ တီချယ်ကြီးခမျာ ကျောင်းကို ဧည့်သည်တွေလာရင် မိအေးတို့ သီးစစ်တွေ စတိုခန်းထဲ သွားဖွက် သော့ခတ်ထားရသတဲ့။ ဝင်ဖတ်မိကြမှာစိုးလို့။ အဲ့တုန်းကတော့ ရယ်နေလိုက်တာပဲ။ အလုပ်ထဲရောက်တော့မှ စာပြန်လုပ်ဖို့ အများကြီးလိုတယ်ဆိုတာ ကိုယ်တွေ့ကြုံလာရတယ်လေ။ ဖတ်ရမယ့်စာတွေရယ်၊ သိထားပြီးဖြစ်ရမှာတွေရယ်၊ up to date လိုက်ဖတ်ရမယ့် စာတွေရယ်ဟာ ဖတ်လို့ မဆုံးနိုင်။ လေ့လာလို့ မဆုံးနိုင်ဘူးပေါ့။

ကဲ စျေးထဲ ပြန်သွားကြစို့။ မိအေးရုံးမှာ သုံးဖို့ စာရွက်ချုပ်စက်အသေးလည်း ဝယ်ရမယ်။ ရုံးက အစ်ရှုးထုတ်ပေးတာကလည်း အကန့်အသတ်နဲ့ မဟုတ်လား။ အရောင်ကလည်း သိပ်ရွေးစရာမရှိဘူးရယ်။ အမည်းနဲ့ အပြာရောင်မှာ အရောင်လွင်လွင်လေးဖြစ်အောင် အပြာရောင်လေးပဲယူလိုက်တယ်။ အိမ်ကျမှ နာမည်ရေးပြီး တိပ်နဲ့ကပ်ထားရမယ်။ အဲ့တာမှ မပျောက်မှာလေ။ တစ်ချို့ဆိုရင် ဘောပင်မှာတောင် နာမည်ကပ်ကြတယ်။ မိအေးကတော့ မကပ်ပါဘူး။ ကိုယ့်ဘောပင်ပျောက်လည်း သူများ ဘောပင်ဆွဲလိုက်တာပဲ။ မိအေး သူငယ်ချင်းတောင် သတိရပါ့။ သူ့မှာ Uni Ball Pen သုံးပြီး ပျောက်ရင် တစ်ရုံးလုံးလိုက်ပတ်ရှာနေရတာ။ တစ်ခါ သူပျောက်တဲ့ဟာ မိအေး ဘောပင်အိတ်ထဲမှာတွေ့လို့ ပြောမဆုံးနိုင်ဘူးရယ်။

မိအေးရဲ့ မနက်စာအတွက် ကော်ဖီနဲ့ စားဖို့ ပေါင်မုန့်လိုတယ်။ ပေါင်မုန့် ခပ်ဝိုင်းဝိုင်းလေးတွေ ၆ လုံးပါတာ ၆၀၀ ဆိုတော့ နှစ်ရက်လောက်တော့ အသာလေး စားလို့ရတာမို့ ဝယ်ဖို့ထည့်ခိုင်းတာကို ရောင်းတဲ့ညီမလေးက “အမ ဒါပဲလား” ဆိုပြီး နှစ်ခါလောက်လာမေးနေလို့ သူရပ်နေတဲ့ နားက အတွဲလိုက်ချိတ်ထားတဲ့ မိအေး တစ်ခါတစ်လေမှ ဖျော်သောက်ဖြစ်တဲ့ မိုင်လို နှစ်ထုပ်ပါထည့်ခိုင်းလိုက်တော့ စုစုပေါင်း ၁၀၀၀ ကုန်ပါရောလား။ အော် မိအေးနှယ် သူများကို မခံချင်တာနဲ့ မလိုတာတွေ ဝယ်မိပြန်ပြီ။ ပြီးတော့ ဟိုခလေးမကလည်း မိအေး ဘာလိုသေးလဲ  အကောင်းမေးတာကို စိတ်ကမလုံတာ။ မိအေးပုံများ မဝယ်စားနိုင်တဲ့သူမှတ်လို့  လကုန်ခါနီးမို့သာ။ အိမ်မှာဆို နတ်ကော်ဖီနဲ့ခွားဆွန့်ပဲ စားလာတာ ကြာပေါ့။

ပြီးတော့ ဘယ်လိုလုပ်လုပ် ဟင်းဖြစ်တဲ့ ကြက်ဥကလဲ မိအေးအတွက် ပင်တိုင်စံ မရှိမဖြစ် ရိက္ခာမို့အခြောက်အခြမ်းအတန်းဘက်ထွက်လာတော့ အံမယ် ကိုယ့်ရှေ့မှာ လက်ညွှန်အကိုကြီးက ထမင်းချိုင့်အိတ်ကို စျေးခြင်းလုပ်ပြီး ကြက်ဥတွေ အကျအန ရွေးနေတာ။ မိအေးလှမ်းနှုတ်ဆက်တော့ ရယ်ကျဲကျဲနဲ့ ကျွန်တော်လည်း နက်ဖြန် ကြက်ဥချက်မလို့ဗျတဲ့ ပြန်ပြောရှာတယ်။ ဘဝတူတွေ စျေးထဲလာတွေ့နေရတယ်လို့။ လကုန်ရက်ဟာ စီနီယာ၊ ဂျူနီယာမကွဲပြားဘဲ တစ်သားတည်းဖြစ်စေသားပဲလို့။

money picture by Unsplash

ပြီးရင်တော့ ထမင်းစားပြီးရင် စားဖို့ အသီးအနှံလေးဝယ်ရတယ်။ ပြီးတော့ ဒိန်ချဉ်ကလဲ မိအေးရဲ့ အဓိကကျန်းမာရေးအတွက်။ အဲ့ဒါတွေ အကုန်ဝယ်ပြီးချိန်မှာတော့ မိအေး လက်ထဲ ပိုက်ဆံနဲ့တူတာ ဘာမှမကျန်တော့ဘူးရယ်။ ဒါတောင် နေပြည်တော်မှာနေလို့ ရန်ကုန်စျေးနဲ့ဆို အစစအရာရာ ခေါင်ခိုက်နေတာနဲ့ ဒီလစာလေးနဲ့ဆို ဘာမှတောင် စားလောက်မှာမဟုတ်ဘူး။ ဒါပေမယ့်လည်း ရတဲ့လစာလေးကို တတ်နိုင်သမျှ အိမ်ကို ပြန်ပို့ပေးပြီး ကိုယ့်ဘာသာကျ ရှိတာနဲ့ အဆင်ပြေအောင် နေတတ်တဲ့သူတွေတွေ့ရင်လည်း လေးစားမိတယ်။ မိအေးလိုအိမ်ပြန်မတောင်းရဘဲ ရတာလေးနဲ့လောက်ငအောင် သုံးတတ်တဲ့သူတွေကိုလည်း အမွှန်းတင်ရမှာအမှန်ပဲလေ။ သို့ပါသော်လည်း မိအေးစိတ်ကူးထဲက ဝန်ထမ်းပေါက်စလေးတစ်ဦးရဲ့  ရွှေရောင်အနာဂတ်ကြီးကတော့ မိအေးရွာကဘကြီးရဲ့ နဖူးလောက်တောင် ပြောင်ပြောင်ရောင်ရောင် ရှိနေရဲ့လား ကြံဖန်စိုးရိမ်မိပြန်ရော။ ဒီလိုနဲ့ လျှောက်လာလိုက်တာ ဖယ်ရီကားပေါ် ဘယ်လို ပြန်ရောက်လာမှန်းတောင် မသိလိုက်ပါဘူးရယ်။

စာကြွင်း။  ဒါနဲ့လေ မိအေးဆိုတာ စာရေးသူနဲ့ လုံးလုံး မဆိုင်ဘူးဆိုတာရယ်၊ စာရေးသူတစ်ယောက်ကတော့ ဒီလ ကိုဗစ်ကြောင့် ဘယ်မှမသွား ဘာမှဝယ်စားစရာမရှိလို့ လစာတွေပိုပြီး ဘဏ်ထဲထည့်ဖို့လုပ်နေတယ်ဆိုတာရယ်တော့ ပြောဖို့လိုနေမလားပဲ။