အရှုပ်တော်ပုံ

များသောအားဖြင့် သိမ်းဖြစ်တာတွေက အဖေ့လို လိုအပ်တဲ့အချိန်သုံးဖို့ ပစ္စည်းတွေမဟုတ်ပဲ ကိုယ်နဲ့ပတ်သတ်တဲ့ အမှတ်တရအရာမို့လို့ သံယောဇဥ်မပြတ်လို့ မလွှတ်ပစ်ရက်ပဲ သိမ်းထားလိုက်တဲ့ အရာတွေများတယ်။

အရှုပ်တော်ပုံ

ပြီးခဲ့တစ်ပတ်က သူငယ်ချင်းတစ်ယောက်ရဲ့ Facebook story မှာ Happy Old Year ရဲ့ Netflix ပိုစတာလေး တင်ထားတာတွေ့တာနဲ့ သတိရလို့ ရှာကြည့်တော့ ဒီတစ်ပတ် available ဖြစ်မယ်ဆိုတာနဲ့ reminder ပေးထားလိုက်တယ်။ ရုံမတင်ခင်ကတည်းက ဇာတ်လမ်းအကျဥ်း ဖတ်ပြီးတော့ရော၊ trailer ကြည့်ပြီးတော့ရော စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီး ကြည့်ဖို့ စဥ်းစားထားတဲ့ ရုပ်ရှင်တစ်ကားဆိုတော့ ကြည့်လို့ရပြီဆိုတာနဲ့ တကူးတက အချိန်ပေးပြီး ကြည့်ဖြစ်ပါတယ်။ ခုချိန်မှာ အားလုံးလိုလိုက အိမ်ထဲမှာပိတ်မိနေတဲ့ အချိန်လည်းဖြစ်နေတော့ လတ်တလော ရုပ်ရှင်ကြည့်ဖို့ ညွှန်းပါဆိုရင် ဒီကားကိုညွှန်းချင်ပါတယ်။

Happy Old Year (2019)

ရုပ်ရှင်အကြောင်းပြောလို့ ဒီရုပ်ရှင်အကြောင်း review လုပ်ချင်တာမဟုတ်ပါဘူး။ ဒီရုပ်ရှင်ထဲမှာ ကိုယ်နဲ့ ပတ်သက်တဲ့ တိုက်ဆိုင်မှုလေးတွေ တော်တော်များများ ပါနေတဲ့အထဲကမှ အကြောင်းအရာ တစ်ခုကို ပြောချင်တာပါ။

Things we no longer use are unnecessary. So we should throw them away.

ရုပ်ရှင်စဖွင့်ချိန်မှာ ဒီ dialog လေးကိုမြင်လိုက်တာနဲ့ ကိုယ့်အိမ်ကို ချက်ချင်းသတိရလိုက်မိတယ်။ ဒါဟာ ဟိုးငယ်ငယ်လေးကတည်းကနေ ခုချိန်ထိ အိမ်မှာဖြစ်နေကျ ပြဿနာတစ်ခုကိုး။ အဲဒါက ဒီလိုဗျ ... ။

ရန်ကုန်မြို့ရဲ့ လူဦးရေတစ်ဝက်ကျော်ကျော်လောက်က တိုက်ခန်းတွေမှာ နေကြတယ်လို့ ခန့်မှန်းရတယ်။ တကယ်တော့ တစ်ဝက်တောင် ကချင်မှ ကပါလိမ့်မယ်။ ထားပါတော့။ ထိုနည်းတူစွာပဲ ရန်ကုန်သားပီပီ ကျွန်တော်တို့လည်း တိုက်ခန်းမှာနေကြတယ်ပေါ့။ ရန်ကုန်မြို့ရဲ့ တိုက်ခန်းဆိုတာမျိုးက သိတဲ့အတိုင်း ကျဥ်းကျဥ်းကြပ်ကြပ်ရယ် မဟုတ်လား။ ဟိုးအရင်တုန်းက နယ်ကနေ အိမ်ကိုလာနေကျ အဖေ့ သူငယ်ချင်းတစ်ယောက်ကဆိုရင် "မင့်(မင်း)တို့ မြို့ကတိုက်ခန်းတွေများ ငါဖြင့် မနေတတ်ပေါင်ကွာ။ အသက်ရှူကြပ်က ကြပ်နဲ့။" ဆိုပြီး ပြောဖူးတာကို သွားသတိရမိပါသေးတယ်။ အဲတုန်းကတော့ ကလေးပီပီ ဘာမှ သိပ်နားမလည်သေးတဲ့အရွယ်ဆိုတော့ ဘာကိုဆိုလိုမှန်းလည်း မသိခဲ့ဖူးပေါ့။ ခုမှ ပြန်စဥ်းစားကြည့်တော့ သူပြောတာလည်း မှားတော့ မှားဘူး မဟုတ်လား။ ဒါတောင် အပေါ်ထပ်က ငရုတ်သီးထောင်းသံတို့၊ တိုက်လှေကားထဲ ဆင်းလိုက်တက်လိုက်နဲ့ ကလေးတွေ  သောင်းကျန်းနေတာတို့၊ ဘေးအခန်းက သံရိုက်သံတို့၊ အသံကြောင်ကြီးတွေနဲ့ ကာရာအိုကေ အပြတ်ဟဲတာတို့၊ လင်မယားတွေ ရန်ဖြစ်ပြီး ပစ္စည်းတွေပစ်ပေါက်ခွဲတာတို့ မပါသေးဘူး။ ကိုယ်တွေသာ ငယ်ငယ်တည်းက ဒီလိုပဲ နေလာခဲ့ရတော့ နေသားကျပြီး ဒါမျိုးတွေက ဘာမှသိပ်ပြီး မထူးဆန်းသလိုဖြစ်နေခဲ့တာလေ။ နဂိုတည်းကမှ  ကျဥ်းကျဥ်းကြပ်ကြပ်ဖြစ်နေတဲ့ တိုက်ခန်းထဲမှာမှ ပိုပြီး အသက်ရှူကြပ်စေရတဲ့ အကြောင်းကလည်း ရှိသေးတာကိုး။

Photo by Simone Fischer on Unsplash

အဖေက အတော်လေး စည်းစနစ်ကြီးတဲ့ အထဲမှာပါတယ်။ ပစ္စည်းတွေဘာတွေဆိုလည်း စနစ်တကျ သေသေချာချာ သိမ်းလေ့ရှိတယ်။ ဘယ်လောက်ထိ သိမ်းလည်းဆိုရင် ကိုယ်မမွေးခင်က ဝယ်ထားတဲ့ အမွေးပွ ဝက်ဝံရုပ်နဲ့ ခွေးရုပ်ဟာ အနှစ်သုံးဆယ်ကျော်တဲ့အထိ အသစ်နီးပါအတိုင်း ရှိနေသေးတာသာ ကြည့်တော့။ ကလေးတုန်းကတော့ ဆော့ချင်တာပဲ သိတာဆိုတော့ အဖေ့ကို မှန်ဗီဒိုထဲက အရုပ်တွေကို ထုတ်ပေးဖို့ ခဏခဏ ပူဆာခဲ့တာပေါ့။ ဗီဒိုသော့ကလည်း အဖေ့ဆီမှာဆိုတော့ အဖေထုတ်ပေးမှလည်း ဆော့လို့ရမှာကိုး။ ဒါပေမယ့် အဖေက မင်းတို့ကို ပေးဆော့လိုက်ရင် အရုပ်တွေ ညစ်ပတ်ပေတူးကုန်ပြီး ရွံစရာကြီး ဖြစ်သွားလိမ့်မယ် ပြောတာနဲ့ ဒီအတိုင်း ဗီဒိုအပြင်ကပဲ ထိုင်ကြည့်ခဲ့ရတာ။ ဒါပေမယ့် အဖေ ပေးဆော့ခဲ့တဲ့ တခြားအရုပ်တွေကတော့ ကျိုးတာကျိုး ပဲ့တာပဲ့နဲ့ အင်္ဂါမစုံ ဖြစ်ပြီး ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်း မသိဘူး။ ဒီလိုပဲ အဖေက သရေကွင်းတို့ မူလီတို့ ဝါရှာတို့လို တိုလီမုတ်စက စပြီးတော့ TV တို့ ရေခဲသေတ္တာတို့ ထည့်တဲ့ ဧရာမ ကတ်ထူပုံးကြီးတွေအထိ သိမ်းတယ်။ ဒါမျိုးတွေက အသုံးလိုရင် ရှာရခက်တယ်ကွ ဆိုပြီး သိမ်းထားလေ့ရှိတယ်။ တကယ်လည်း တစ်ခုခုလိုလို့ အဖေဆီမှာတောင်းရင် ရှိတတ်တာများတယ်။ ဥပမာ၊ အိမ်က ပက်လက်ကုလားထိုင်က မူလီချောင်ပြီး ပြုတ်ထွက်သွားတော့ ဝါရှာလေးက ဘယ်နားကျလို့ ကျသွားမှန်းမသိပဲ ပျောက်ပါလေရော။ အဲ့ဒီ မူလီမတပ်ထားရင် ထိုင်လို့မရတော့ ဝါရှာလေးသပ်သပ်ပဲ လိုက်ရှာဝယ်ဖို့ကလည်းမလွယ်၊ ပက်လက်ကုလားထိုင်ပဲ အသစ်ဝယ်ရမယ့် ကိန်းဆိုက်တာပေါ့။ ဒါပေမယ့် အဲလိုအချိန်မျိုးဆိုရင် အဖေက သူသိမ်းထားတဲ့ ပစ္စည်းတွေထဲက ရှာဖွေမွှေနှောက်ပြီး ဝါရှာကိုပြန်တပ်၊ ပြီးရင် "ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဆိုတာ အသုံးလိုမှ သိတာ၊ ခုတော့ တွေ့ပြီမဟုတ်လား" လို့ ဂုဏ်ယူစွာပြောလေ့ရှိတယ်။ သူပြောတာက ဟုတ်နေတော့လည်း ကိုယ်တွေမှာ မငြင်းသာဘူးပေါ့။ အဲဒီလို အသုံးလိုရင် သုံးဖို့ဆိုပြီး သိမ်းရင်း သိမ်းရင်းနဲ့ အိမ်ရဲ့နေရာ တော်တော်များများကို အဲဒီပစ္စည်းတွေကပဲ နေရာယူထားတာ များလာတယ်။

အမေကကျတော့ အဖေ့လို ပစ္စည်းတွေဘာတွေ သိမ်းတာဆည်းတာ ဝါသနာမပါဘူး။ ရှင်းရှင်းလင်းလင်း ဖြစ်တာကို ကြိုက်တယ်။ မလိုတဲ့ ပစ္စည်းဆို ပစ်လိုက်တာများတယ်။ အဲဒီမှာ ပြဿနာကစတာပဲ။ လိုရင်သုံးဖို့ဆိုပြီး သိမ်းတဲ့သူနဲ့ လတ်တလောသုံးဖို့ မလိုရင် ပစ်တဲ့သူနဲ့ ထိပ်တိုက်တွေ တွေ့ကြတာပေါ့။ ထိပ်တိုက်တွေသာ အမြဲတမ်းတွေ့ကျပေမယ့် သိမ်းတဲ့အားနဲ့ ပစ်တဲ့အားက မမျှတော့ အိမ်ရဲ့အနေအထားက ဒုံရင်းက ဒုံရင်း ရှုပ်မြဲရှုပ်ဆဲပေါ့။ အမေအမြဲတမ်း ပြောပြောနေကျအတိုင်း "ငါတို့အိမ်က ပုစွန်တောင် အမှိုက်ပုံလား အောက်မေ့ရတယ်ဟေ့" ဆိုသလိုပါပဲ။ အမှိုက်ပုံနဲ့နှိုင်းလို့ အိမ်က ညစ်ပတ်ပေပွနေတာတော့ မဟုတ်ဘူးပေါ့ဗျာ။ သိတဲ့အတိုင်း အဖေက စည်းကမ်းသမားဆိုတော့ သန့်ရှင်းရေးကတော့ နေ့တိုင်းကိုလုပ်တာ။ တကယ်က လိုအပ်တာထက် ပိုများနေတဲ့ ပစ္စည်းတွေကြောင့် ရှုပ်ပွနေသလို ဖြစ်သွားတာ။

ဒီအဖေ ဒီအမေကမွေးတဲ့ ကိုယ့်အလှည့်ကျတော့ သိမ်းတဲ့ဟာလည်း သိမ်းတယ်။ ပစ်တဲ့ဟာလည်း ပစ်တယ်ပေါ့။ များသောအားဖြင့် သိမ်းဖြစ်တာတွေက အဖေ့လို လိုအပ်တဲ့အချိန်သုံးဖို့ ပစ္စည်းတွေမဟုတ်ပဲ ကိုယ်နဲ့ပတ်သတ်တဲ့ အမှတ်တရအရာမို့လို့ သံယောဇဥ်မပြတ်လို့ မလွှတ်ပစ်ရက်ပဲ သိမ်းထားလိုက်တဲ့ အရာတွေများတယ်။ ဘယ်လိုမျိုးတွေလည်း ဆိုရင် ကျောင်းသားကဒ်တို့၊ ဓါတ်ပုံတို့၊ စာအုပ်တို့၊ ရခဲ့ဖူးတဲ့ လက်ဆောင်တို့ အစရှိသဖြင့်ပေါ့။ ကျောင်းသားကဒ်ဆိုရင် သူငယ်တန်းကနေ ဆယ်တန်းအထိ သိမ်းထားတာ အခုထိ အစဥ်လိုက်ကို ရှိသေးတယ်။ ကျောင်းသားဘဝတုန်းက မရေးတတ် ရေးတတ်နဲ့ ရေးခဲ့တဲ့ ကဗျာလိုလို စာလိုလိုတွေပါတဲ့ စာအုပ်အချို့ ခုထိရှိနေသေးတယ်။ ရခဲ့ဖူးတဲ့လက်ဆောင်တွေဆိုလည်း အဝတ်အစားကလွဲရင် ကျန်တာ အတော်များများက သိမ်းထားဖြစ်တာများတယ်။ အကြောင်းတစုံတရာကြောင့် လက်ဆောင်ပေးတဲ့သူနဲ့ အဆင်မပြေတော့တာ၊ ပတ်သက်မှုမရှိတော့ဘူး ဆိုရင်တောင်မှ အဲ့လက်ဆောင်ကို ပစ်လေ့ပစ်ထမရှိပါဘူး။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် အမှတ်တရနဲ့ တန်ဖိုးထားပြီး သိမ်းထားတတ်တဲ့ အလေ့အထရှိတယ်။ ဒီလို ပစ္စည်းတွေက နေရာလည်း သိပ်မယူတဲ့အပြင် အမှတ်တရတွေမို့လို့ပါ ဆိုတဲ့ ဆင်ခြေကိုကိုင်စွဲပြီး အတိုင်းအတာတစ်ခုထိတော့ အိမ်မှာ နေရာယူထားပါတယ်။

တကယ်တော့ ဒီရုပ်ရှင်ထဲကလို အိမ်ကို minimal design ပြောင်းဖို့ဆိုတာ မလွယ်လှဘူး။ Jean လို စိတ်မျိုးနဲ့ သံယောဇဥ်ဖြတ်ပြီး ပစ္စည်းတွေအကုန် လွှတ်ပစ်လိုက်ဖို့ဆိုတာ တော်ရုံတန်ရုံ စိတ်မာရုံလောက်နဲ့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ကိုယ်နဲ့ပတ်သတ်တဲ့  အမှတ်တရအရာတွေဆို ပိုဆိုးပါတယ်။ နောက်ပြီး သူ့ character က ကိုယ့်အတွက်တော့ နည်းနည်း အစွန်းရောက်နေသလို ခံစားမိတယ်။ ဒါပေမယ့် နေရာ သိပ်မကျယ်လှတဲ့ တိုက်ခန်းလိုနေရာမျိုးကို နေပျော်အောင် လုပ်ဖို့ဆိုတာကျပြန်တော့ ပစ္စည်းတွေကို နည်းနိုင်သမျှနည်းအောင် တကယ် မလိုအပ်တာတွေကို သံယောဇဥ်ဖြတ်ပစ်နိုင်ဖို့က လိုပြန်ရော။ တစ်ခုလိုချင်ရင် တစ်ခုကို လက်လျော့ရမယ့် သဘောပဲ။ တလောလေးကပဲ တိုက်တိုက်ဆိုင်ဆိုင် CNA Lifestyle မှာ Singapore က HDB တိုက်ခန်း ခပ်ကျဥ်းကျဥ်းလေးကို ပြင်ထားတာလေး တွေ့လိုက်ရတော့ အတော်လေး သဘောကျမိတယ်။

မြင်ရတဲ့အတိုင်းပဲ Before နဲ့ After က သိသိသာသာကြီးကို ကွာခြားသွားတယ်။ တကယ်လည်း နေရာတွေ ပိုထွက်လာတယ်။ သပ်သပ်ရပ်ရပ်လေးလည်း ဖြစ်သွားတယ်။ ကျဥ်းတာကျယ်တာထက် တကယ် လုပ်တတ်ရင် အများကြီး နေပျော်အောင် ပြင်လို့ရတာကို တွေ့ရတယ်။ ကိုယ့်အိမ်နဲ့ကိုယ် နေတဲ့အခါကျရင်တော့ ဒီလိုလေး ပြင်ချင်တယ်လို့တော့ စိတ်ကူးယဥ်တာပေါ့။ ဘာလို့လည်းဆိုတော့ လက်ရှိအိမ်ကို ဒီလိုပြင်ဖို့အတွက် အဖေသိမ်းထားတဲ့ ပစ္စည်းတွေကို လွှတ်ပစ်လိုက်ပါလို့ ဖျောင်းဖျဖို့ဆိုတာ မလွယ်ဘူးလေ။ ကြိုးစားကြည့်ဖူးပေမယ့် မအောင်မြင်ခဲ့ဘူးပေါ့။ အိမ်အသစ်ဆိုရင် ဘာပစ္စည်းမှ သိပ်မရှိသေးတဲ့အတွက် လုပ်ရပိုလွယ်မယ်တော့ ထင်တာပါပဲ။

လက်ရှိနေနေတဲ့ အိမ်တွေမှာဆိုရင်တော့ ဒီလိုမျိုးလည်း ပြင်ချင်တယ်၊ ပြီးတော့ ကိုယ့်ပစ္စည်းတွေကို သံယောဇဥ်လည်း ဖြတ်ရမှာ ခက်နေတယ်ဆိုရင်တော့ လုပ်လို့ရတာ တစ်ခုက F.R.I.E.N.D.S ထဲက Monica လိုမျိုး secret closet တစ်ခုထားပြီး အကုန်အဲ့ထဲ စုပြုံထည့်ထားလိုက်မှပဲ ရတော့မယ်။ အနည်းဆုံးတော့ လတ်တလော မလိုတာတွေ မျက်စိရှေ့မှာ မရှိတော့ရင် စိတ်ကျဥ်းကြပ်တာတော့ သက်သာသွားလိမ့်မယ် ထင်ပါတယ်။ ဒါကလည်း အဲ့အတွက်အခန်းလွတ်က ရှိဦးမှပါ။ ပုံမှန် အခန်းနှစ်ခန်းပဲပါတဲ့ တိုက်ခန်းတွေမှာ မိသားစုသုံးလေးယောက်နဲ့ နေကြတာမျိုးဆိုရင်တော့ ဒီလိုအရှုပ်တွေထဲမှာ ရှင်းအောင်နေဖို့က မလွယ်ပါဘူး။

Credit

Cover Photo by xiuhao lin on Unsplash