အထီးကျန်

ဘာသာပြန် Dec 14, 2019

လူတိုင်း အထီးကျန်တယ်လို့ ခံစားဖူးကြတာပါပဲ။  အကြောင်းအမျိုးမျိုးကြောင့် ပတ်ဝန်းကျင်အသစ်ကို ပြောင်းရတာပဲဖြစ်ဖြစ်၊ နေ့လည်စာတူတူစားဖို့ အဖော်မရှိတာပဲဖြစ်ဖြစ်၊ အလုပ်နားတဲ့ရက်တွေမှာ ကိုယ့်ကိုယ်အချိန်ပေးမယ့်သူ မရှိတာပဲဖြစ်ဖြစ်ပေါ့။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကနေ စပြီးတော့ အထီးကျန်ခြင်းဟာ သန်းပေါင်းများစွာသော လူသားအတွက် နာတာရှည် ဝေဒနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ UK မှာ ၁၈ - ၃၀ နှစ်ကြား လူတွေရဲ့ ၆၀% က မကြာခဏ အထီးကျန်တယ်လို့ ခံစားနေရတယ်။ US မှာ ကျတော့ လူဦးရေအားလုံးရဲ့ ၄၆% က အထီးကျန်တယ်လို့ ခံစားနေရတယ်။

အံ့သြဖို့ကောင်းတာတစ်ခုက တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ရ အရမ်းလွယ်ကူတဲ့ ခေတ်ကြီးမှာမှ လူတွေက မကြုံစဖူး ပိုပြီး အထီးကျန်နေကြတယ်။ တစ်ယောက်ထဲဖြစ်နေတာနဲ့ အထီးကျန်တာနဲ့က တကယ်တော့ သပ်သပ်စီပါ။ တစ်ယောက်ထဲ အေးအေးချမ်းချမ်းနေပြီး ကိုယ်လုပ်ချင်တာလေးတွေလုပ်နေရတာနဲ့ အလှူလို မွေးနေ့ပွဲလို လူတွေအများကြီးကြားထဲမှာ ရောက်နေပြီးမှ ချောင်တစ်ချောင်မှာကပ်နေပြီးတော့ စိတ်ညစ်နေရတာလည်း ရှိနိုင်ပါတယ်။ အထီးကျန်တယ်ဆိုတာက တစ်ကိုယ်ရည် သီးခြားခံစားမှု တစ်ခုသက်သက်ပါ။ ဘယ်လို အခြေအနေမျိုးမှာပဲ ရောက်နေနေ အထီးကျန်တယ်လို့ ခံစားမိရင် အထီးကျန်တာပါပဲ။ အခြေခံအားဖြင့် အထီးကျန်ခြင်းကို ခံစားရလေ့ရှိတဲ့သူတွေဆိုတာ ဘယ်လိုလူမျိုးတွေလည်းဆိုတော့ လူတွေနဲ့ ဘယ်လိုစကားပြောရမှန်းမသိတဲ့သူတို့ ဘယ်လိုပြုမူဆက်ဆံရမယ်မသိတဲ့သူတို့ပေါ့။ ဒါပေမယ့် လူဦးရေအခြေပြု လေ့လာမှုတွေအရကတော့ အရွယ်ရောက်ပြီးသားသူတွေအတွက် ပေါင်းသင်းဆက်ဆံရေးကောင်းခြင်း မကောင်းခြင်းက အပေါင်းအသင်းဘယ်လောက်များများရှိသလဲ ဆိုတာနဲ့ သက်ဆိုင်မှုမရှိတာကို သွားတွေ့ရတယ်။ ဆိုလိုတာက ပေါင်းသင်းဆက်ဆံရေးညံ့ပေမယ့်လည်း မိတ်ဆွေအရေအတွက် များချင်များနေတာမျိုးပေါ့။

အထီးကျန်တယ်ဆိုတာ လူတိုင်းမှာဖြစ်နိုင်တယ်။ ဘယ်လောက်ပဲချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ အောင်မြင်အောင်မြင်၊ ဘယ်လောက်ပဲ ချောချောလှလှ၊ ဘယ်လိုပဲရည်မွန်ပါတယ်ပြောပြော၊ ဒီအရာတွေက အထီးကျန်မှုကို မကာဆီးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အထီးကျန်တယ်ဆိုတာက လူတွေရဲ့ ဇီဝဖြစ်စဉ်တစ်စိတ်တစ်ဒေသ ဖြစ်နေလို့ပါပဲ။

Photo by Kristina Tripkovic on Unsplash

အထီးကျန်တယ်ဆိုတာ..

အထီးကျန်တယ်ဆိုတာ ဆာလောင်ခြင်းလိုမျိုး ကိုယ်ခန္ဓာရဲ့လုပ်ငန်းဆောင်တာ တစ်ခုပါ။ ဗိုက်ဆာလာပြီဆိုတာ တစ်ခုခုစားဖို့လိုပြီလို့ ခန္ဓာကိုယ်က အချက်ပြလိုက်သလိုမျိုးပါပဲ။ အထီးကျန်တယ်ဆိုတာကလည်း သင့်စိတ်ရဲ့ လိုအပ်မှုကို အချက်ပြနေတဲ့ သဘောပါပဲ။ သင့်ရဲ့ကိုယ်ခန္ဓာက သင့်စိတ်ရဲ့လိုအပ်မှုကို ဘာလို့ဂရုစိုက်ရတာလည်းလို့ဆိုရင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက လူတွေရှင်သန်ရပ်တည်နိုင်ဖို့အတွက် ဒီအချက်က အရေးပါတဲ့ သော့ချက်ဖြစ်ခဲ့လို့ပါပဲ။  ပူးပေါင်းဆောင်ရွက်ခြင်းတို့ အတူတကွ စုပေါင်းနေထိုင်ခြင်းတို့ အတွက် သဘာဝရဲ့မျက်နှာသာပေးမှုကို ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ နားလည်သဘောပေါက်ခဲ့ ဟန်တူပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဦးနှောက်က ဖွံ့ဖြိုးလာပြီးတော့ တစ်ပါးသူရဲ့ ခံစားချက်၊ အတွေးအမြင်တွေကို နားလည်သိမြင်တတ်လာခဲ့တယ်။ အဲတော့ အချင်းချင်း မိတ်ဆွေဖွဲ့လာနိုင်တယ်။ ပိုပြီး ရေရှည် ပေါင်းသင်းဆက်ဆံလာနိုင်ခဲ့တယ်။ ဒီလိုနဲ့ ပေါင်းသင်းဆက်ဆံနိုင်ခြင်းက လူတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တယ်။ တစ်ယောက်ထဲသာ နေထိုင်ရပ်တည်မယ်ဆိုရင် အစာဝဝလင်လင်စားရဖို့၊ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေရဖို့၊ မွေးလာတဲ့ ကလေးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်တဲ့အရာပါ။ အတူတကွစုပေါင်းနေထိုင်ခြင်းကသာ ရှင်သန်ရပ်တည်ဖို့ တစ်ခုတည်းသောလမ်းပါ။ အဲဒီတော့ အများနဲ့ အဆင်ပြေပြေနေနိုင်ဖို့က အလွန်အရေးပါခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေအတွက် ကြောက်စရာကောင်းဆုံးအရာက ခြင်္သေ့လိုမျိုး သားရဲတိရိစ္ဆာန်တွေရဲ့ရန်ထက် လူ့အဖွဲ့အစည်းကနေ ဖယ်ကျဥ်ခံရခြင်းပါပဲ။ အဲဒါကြောင့် ဖယ်ကျဥ်ခံရခြင်းက တအားကိုနာကျင်ရပါတယ်။ အထီးကျန်ခြင်းကလည်း ထိုနည်းလည်ကောင်းပါပဲ။ ထို့ကြောင့် အတူတကွနေထိုင်ခြင်းက ကျွန်တော်တို့ သမိုင်းတစ်လျှောက် တကယ်ကို မရှိမဖြစ်ကို လိုအပ်ခဲ့ပါတယ်။ လူတွေ ခုလိုမျိုး ကမ္ဘာအသစ်တစ်ခု မတည်ဆောက်နိုင်ခင် အထိပေါ့။

မျက်မှောက်ခေတ်၏ ဆိုးကျိုးများ

လက်ရှိကြုံတွေ့နေရတဲ့ အထီးကျန်ကပ်ရောဂါရဲ့ ဇစ်မြစ်က ဥရောပခေတ်နှောင်းပိုင်းလောက်မှာ စတင်ခဲ့တာပါ။ အနောက်တိုင်းယဥ်ကျေးမှုက လူတစ်ဦးချင်းစီကို စပြီးအာရုံစိုက်လာခဲ့တယ်။ ဒါဟာ စက်မှုတော်လှန်ရေးခေတ်မှာ ပိုပြီး အရှိန်ရလာခဲ့တယ်။ လူတွေက လယ်ကွင်းတွေကနေ စက်ရုံတွေထဲကို ရောက်လာခဲ့ကြတယ်။ နှစ်ပေါင်းရာချီပြီး တည်ရှိလာခဲ့တဲ့ လူ့အဖွဲ့အစည်းက မြို့ပြတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တဖြည်းဖြည်းပြိုပျက်လာခဲ့တယ်။ ကမ္ဘာကြီးအရှိန်အဟုန်နဲ့ ခေတ်မှီတိုးတက်လာတာနဲ့အမျှ ပိုပိုပြီး ဆိုးလာခဲ့တယ်။ ယနေ့အချိန်မှာ လူတွေဟာ အလုပ်အတွက်၊ အချစ်အတွက်၊ ပညာရေးအတွက် စတဲ့ ခေါင်းစဥ်မျိုးစုံနဲ့ မိမိတို့ရဲ့ အသိုင်းအဝန်းကနေထွက်ပြီးတော့ အလှမ်းကွာလွန်းတဲ့ နေရာတွေကိုရွေ့ပြောင်းနေကြရတယ်။ အဲတော့ ဆုံရတွေ့ရတဲ့ မိတ်ဆွေအရင်းအခြာ အရေအတွက်က နည်းပါးလာပြီး ဆုံဖြစ်တွေ့ဖြစ်တဲ့ အကြိမ်အရေအတွက်ကလည်း အရင်ကထက်ကျဲလာတယ်။ US မှာဆိုရင် လူတစ်ယောက်မှာရှိတဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်အရေအတွက်ဟာ ၁၉၈၅ ခုနှစ်မှာ ၃ ယောက်ရှိရာကနေ ၂၀၁၁ ခုနှစ် အရောက်မှာ ၂ ယောက်ပဲ ရှိတော့တယ်။ အများစုကတော့ အရွယ်ရောက်တဲ့အခါ ရုံးအလုပ်တွေနဲ့ ရှုပ်နေမယ်၊ ကျောင်းတက်နေရတယ်၊ ကလေးထိန်းနေရတယ်၊ Netflix လိုမျိုး streaming media တွေနဲ့ အချိန်ကုန်နေမယ်။ ဒီလိုနဲ့ အချိန်တွေက လောက်တယ်ကို မရှိတော့ဘူး။ အဲတော့ ဒီအလုပ်တွေ အလျင်မှီအောင် လုပ်နိုင်ဖို့အတွက် အလွယ်ဆုံးနဲ့ အဆင်အပြေဆုံး နည်းလမ်းကတော့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့မယ့်အချိန်တွေကို ဖဲ့ယူလိုက်တာပါပဲ။ ဒါဟာ နောက်မှ ရုတ်တရက် တစ်ကိုယ်တည်းထီးထီးကြီး ဖြစ်နေမှန်းခံစားမိပြီး အထီးကျန်မှုတွေနဲ့ ဟိုးအရင်အချိန်တွေကို ပြန်လွမ်းမိကြတာပါ။ ဒါပေမယ့် အသက်အရွယ်ရလာတဲ့အချိန်မှာမှ အရမ်းကို ရင်းနှီးတဲ့ဆက်ဆံရေးမျိုးတွေ တွေ့ဖို့ သိပ်မလွယ်ကူတော့ပါဘူး။ ဒီတော့ အထီးကျန်ခြင်းက အချိန်ကြာလာတာနဲ့ အမျှ နာတာရှည်လို ဖြစ်လာတော့တာပါပဲ။ ကျွန်တော်တို့လူတွေဟာ ခေတ်မီဆန်းသစ်တဲ့အရာတွေ ဖြစ်တဲ့ iPhone တို့ မောင်းသူမဲ့ယာဥ်တို့ကို နှစ်ခြိုက် သဘောကျကြပေမယ့် ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးသောင်းကျော်လောက်ကအတိုင်း အတူတကွနေထိုင်ခြင်းနဲ့ နေသားတကျဖြစ်နေတုန်းပါပဲ။

အထီးကျန်ခြင်းက ဘယ်လောက်ထိဒုက္ခပေးနိုင်လဲ?

ကျယ်ကျယ်ပြန့်ပြန် လေ့လာထားမှုတွေအရ နာတာရှည် အထီးကျန်ခြင်းကနေ ဖြစ်လာတဲ့ စိတ်ဖိစီးမှုဟာ ယနေ့ခေတ် လူသားတွေ နေ့စဥ် ကြုံတွေနေရတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ထဲက အဆိုးဆုံးသော ကျန်းမာရေးပြဿနာပါပဲ။ အိုမင်းရင့်ရော်လွယ်လာမယ်၊ ကိုယ်ခံအားတွေ လျော့နည်းလာမယ်။ ဒီတော့ ရောဂါတွေ ပိုပိုတိုး ပိုပိုဆိုးကုန်တာပေါ့။ အထီးကျန်ခြင်းဟာ အဝလွန်ခြင်းထက် နှစ်ဆပိုပြီး အသက်အန္တရာယ်နဲ့ ပိုနီးပြီး တစ်ရက်ကို ဆေးလိပ်တစ်ဘူး သောက်သုံးခြင်းနဲ့ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုကျိုးတွေနဲ့လည်း ညီမျှနေပါတယ်။ အဆိုးဆုံးကတော့ အထီးကျန်ခြင်းဟာ နာတာရှည်အဆင့်ဖြစ်လာခဲ့ပြီဆိုရင် ပျောက်ဖို့ခက်လာတာပဲ။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုနဲ့ လူမှုရေးဆိုင်ရာ နာကျင်မှုဟာ ကျွန်တော်တို့ ဦးနှောက်ထဲမှာတော့ သဘောတရားခြင်းအတူတူပါပဲ။ နှစ်ခုလုံးက နာကျင်ရတာပါပဲ။ အထီးကျန်ခြင်းက နာတာရှည်ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဦးနှောက်က လူတွေကို သံသယအတွေးတွေနဲ့ မြင်လာတယ်။ ပတ်ဝန်းကျင်မှာ အရာရာဟာ ရန်လိုမုန်းတီးစရာတွေ ဖြစ်လာတယ်။ ကိုယ့်ကို အန္တရာယ်ပြုမယ့်သူတွေချည်းပဲလို့ ထင်လာတယ်။ ဒါတင်မက သေးပါဘူး။ အချို့သော လေ့လာမှုတွေအရ အထီးကျန်မှုကို ခံစားနေရတဲ့ လူတွေရဲ့ ဦးနှောက်ဟာ အခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ ပိုပြီး အကဲဆတ်၊ ပိုပြီး အထအနကောက်လာတာကို  တွေ့ရပါတယ်။ အဲတော့ တော်ရုံတန်ရုံ စတာနောက်တာလောက်ကိုတောင် မဝေခွဲနိုင်တော့ပဲ စပ်စပ်ထိမခံ ဖြစ်လာတော့တာပါပဲ။ ဘယ်လိုပဲ ကြိုးစားကြိုးစား လူတွေကို နားလည်ရခက်ခဲလာတယ်။ နောက်ပြီး လူတွေရဲ့ မျက်နှာထားတွေကို ဘာသာပြန်ပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း တစ်ခုကလည်း ယိုယွင်းလာပြီးတော့ သာမန် မျက်နှာထားတွေကိုတောင်မှ ရန်လိုနေတဲ့ပုံမျိုး မြင်ယောင်စေပြီး ပတ်ဝန်းကျင်က လူတွေအပေါ် ယုံကြည်မှု ကင်းမဲ့လာစေပါတယ်။ ဘယ်လိုအပြုအမူမျိုးကိုမဆို အကောင်းမမြင်နိုင်တော့ပဲ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ကိုယ့်ပတ်ဝန်းကျင်ဟာ ရန်လိုမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ မှတ်ယူပြီး ကိုယ့်ကိုယ်ကို လုံခြုံဖို့အတွက် ကိုယ့်ကိုယ်ကိုပဲ ကာကွယ်ရမယ်ဆိုတဲ့ အတွေးတွေဝင်လာပါတယ်။ အဲဒီ အချက်တွေကြောင့်ပဲ တကယ့်မူရင်းအတွင်းစိတ်က အဲလိုမဟုတ်ပေမယ့်လည်း လူတွေရဲ့အမြင်မှာတော့ အေးတိအေးစက်နဲ့ ပေါင်းလို့သင်းလို့မကောင်းတဲ့ ကို့ရို့ကားယားနိုင်တဲ့သူလို့ သတ်မှတ်ခံရပြန်တာပေါ့။ တကယ်ကို မုန့်လုံးစက္ကူကပ်နေတဲ့ သဘောပါပဲ။

ဒါဆို ဘယ်လိုလုပ်ကြမလဲ?

ဘဝမှာ ကိုယ့်ကိုယ်ကို အထီးကျန်နေတယ်လို့ ပြင်းပြင်းထန်ထန်  ခံစားနေရပြီဆိုရင် ပထမဆုံးလုပ်သင့်တာ တစ်ခုကတော့ ကိုယ်ဟာ ခုနကပြောသွားတဲ့ အချက်တွေထဲမှာ သံသရာလည်နေပြီလားဆိုတာကို ပြန်သုံးသပ်ဖို့ပါ။ ကိုယ်ဟာ ခွဲခြားဆက်ဆံခြင်း ခံနေရတယ်ဆိုတဲ့ အသိက ဝမ်းနည်းမှု၊ မကျေနပ်မှုတွေကို ဖြစ်ပေါ်စေပြီး တခြားသူတွေရဲ့ ကိုယ့်အပေါ် ပြောဆိုဆက်ဆံမှုတွေမှာ မကောင်းတာတွေကိုပဲ ပိုပြီး သတိထားမိလာစေတယ်။ အဲဒါကနေ စပြီးတော့ အပြုအမူတွေ စပြီး ပြောင်းလဲလာတော့တာပါပဲ။ လူတွေနဲ့ ပြောဆိုဆက်ဆံရမယ့် အနေအထားတွေကို တတ်နိုင်သမျှ စတင်ရှောင်ရှားလာမယ်။ အဲဒီတော့ ပိုပြီး တစ်ယောက်ထဲဖြစ်နေတယ်လို့ ခံစားလာရတယ်။ ဒီလို သံသရာထဲကနေ လွတ်မြောက်ဖို့ တစ်ခေါက်ထက် တစ်ခေါက်ပိုပိုပြီး ခက်ခဲလာတယ်။ အထီးကျန်မှုနဲ့အတူ အတန်းထဲမှာ ဘယ်သူနဲ့မှ မပေါင်းပဲ တစ်ယောက်ထဲ ချောင်မှာ ကပ်နေမယ်။ သူငယ်ချင်းက ဖုန်းခေါ်ရင် မကိုင်တော့ဘူး။ ဘယ်သွားဖို့ပဲ ခေါ်ခေါ် မလိုက်တော့ဘူး။ ကြာတော့ သူက ခေါ်လည်း လိုက်တာမဟုတ်ဘူး၊ လေကုန်တယ် ထားလိုက်တော့ဆိုပြီး ဘယ်သူ့ကမှ အဖတ်လုပ်ပြီး မခေါ်ကြတော့ဘူး။

ကျွန်တော်တို့ အားလုံးမှာ ကိုယ်နဲ့ပတ်သတ်တဲ့ ပြောစရာ အကြောင်းအရာလေးတွေ ကိုယ်စီရှိကြပါတယ် (ဥပမာ၊ ဟိုနေ့က စုစုနဲ့ မြို့ထဲမှာ စာအုပ်လိုက်ဝယ်တာကွာ၊ ခြေထောက်တွေကို ညောင်းချိနေတာပဲ)။ ဒါပေမယ့် လူတွေက ကိုယ့်ရဲ့အကြောင်း ပြောကြတဲ့အခါမှာ ကိုယ်ဟာ ပေါင်းရသင်းရခက်ကြောင်း၊ နားလည်ရခက်ကြောင်း စတဲ့ ကောက်ချက်ချမှုတွေပဲ များလာတဲ့အခါမှာတော့ အခြားအခြားသော ကိုယ်နဲ့မသိသေးတဲ့ လူတွေကပါ ဒါကို တကယ် ထင်မှတ်လာကြပါတော့တယ်။ ဒီလိုနဲ့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတဲ့ အထီးကျန်မှုက အပြင်မှာပါ တကယ်ဖြစ်ပေါ်လာပါတယ်။ ဒါဟာ လတွေနှစ်တွေနဲ့ချီပြီး ဖြည်းဖြည်းချင်း တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ်ပြောင်းလဲလာမှုပါ။ နောက်ဆုံးမှာ စိတ်ကျဝေဒနာနဲ့အတူ ကိုယ့်စိတ်ကို ပိတ်လှောင်ထားလိုက်တဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးကနေ လွတ်မြောက်ဖို့အတွက် ပထမဆုံးလိုက်နာရမယ့်အချက်ကတော့ အထီးကျန်တယ်ဆိုတာ သဘာဝဖြစ်ရိုးဖြစ်စဥ် တစ်ခုဖြစ်ပြီး ဒါဟာ ရှက်စရာမဟုတ်ဘူး ဆိုတာ သိဖို့ပါပဲ။ လူတိုင်းလူတိုင်း ဘဝရဲ့ တစ်ချိန်ချိန်မှာတော့ အထီးကျန်ခြင်းကို ကြုံတွေ့ရစမြဲပါ။ ဒါဟာ လူသားတိုင်းအတွက် မထူးဆန်းတဲ့ အတွေ့အကြုံတစ်ခုပါ။ ဒီအတွေ့အကြုံကို ရှောင်ရှားလို့မရသလို အချိန်တန်လို့ (သို့) အကြောင်းတစ်ခုခုကြောင့် သူ့အလိုလို ပျောက်မသွားမချင်း လစ်လျူရှုထားလို့လည်း မရပါဘူး။ ဒါပေမယ့် အရှိတရားကိုလက်ခံပြီး သူ့ရဲ့ အကျိုးအပြစ်တွေကိုတော့ ဖယ်ထုတ်ပစ်လို့ရနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် ပြန်လည်ဆန်းစစ်ကြည့်ပြီး ကိုယ်ဟာ အဆိုးတရားတွေကိုပဲ အလေးပေးပြီး အာရုံစိုက်မိနေသလားဆိုတာကို ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့ ဆက်ဆံရေးက တကယ်ပဲ ဆိုးရွားနေတာလား။ သာမန်အခြေအနေမှာလား။ ကိုယ်ထင်တာထက် ကောင်းမွန်နေတာလားပေါ့။ ငါတို့ ဘာတွေ ပြောဖြစ်ဆိုဖြစ် ကြခဲ့လဲ? သူက ငါ့ကို ဘာတွေပြောခဲ့လဲ? သူက တကယ်ပဲ ဆိုးဆိုးဝါးဝါးတွေ ပြောခဲ့တာလား? မဟုတ်ရင် ငါကပဲ အထအနကောက်ပြီး တမျိုးထင်ခဲ့တာလား? ဖြစ်နိုင်တာကတော့ တဖက်လူက တကယ်ပဲ ကိုယ့်ကို အဖတ်လုပ်ပြီး သေချာမပြောခဲ့တာ မဟုတ်ပဲ အချိန်မရလို့ စကားဖြတ်ခဲ့ရတာဆိုရင်ကော?

နောက်တစ်ချက်က ကိုယ်ကိုယ်တိုင်ကော ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုသဘောထားလဲ? ကိုယ်ဟာ အမြဲတမ်း တစ်ဖက်လူအပေါ် အဆိုးမြင်နေသလား? ဘယ်သူကမှ ကိုယ့်ကို အလိုမရှိဘူးလို့ ထင်မိနေသလား? ကိုယ့်ဘက်က ထိခိုက်နာကျင်ရမှာစိုးလို့ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံရမှာ ကြောက်နေတာလား? အဲဒါတွေသာ အမှန်ဆိုရင် တစ်ဖက်သူကို ကြိုးစားပြီး အကောင်းမြင်ကြည့် ပေးလို့မရနိုင်ဘူးလား? ကိုယ့်ဘေးက လူတွေအားလုံးက ကိုယ်နဲ့ ဆန့်ကျင်ဘက်တွေချည်းပဲ မဟုတ်ဘူးလို့ကော တွေးကြည့်ပေးလို့မရဘူးလား? ကိုယ့်ဘက်က စပြီးတော့ ပြန်လမ်းဖွင့်ပေးကြည့်လို့ မရနိုင်ဘူးလား? နောက်ပြီး ကိုယ်ဟာ လူတွေနဲ့ ဝေးရာကို တမင်ရှောင်နေမိသလား? ကိုယ့်ကိုယ် တစ်နေရာရာသွားဖို့ လာခေါ်တိုင်း ဘယ်လိုငြင်းရမလဲပဲ စဥ်းစားနေမိတာလား? ဒါမှဟုတ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အခြားသူတွေကို ငြင်းပယ်မိနေတာလား? ကိုယ့်ကို တိုက်ခိုက်ခံနေရတယ်လို့ ထင်ပြီး တုန့်ပြန် ပြုမူနေမိတာလား? ကိုယ်ဟာ တကယ်ပဲ မိတ်ဆွေအပေါင်းအသင်း အသစ်တွေကို ရှာဖွေနေတာလား? ကိုယ့်အခြေအနေကို ကိုယ်ကျေနပ်နေတာလား?

လူတစ်ဦး တစ်ယောက်တိုင်းစီမှာ မတူညီနိုင်တဲ့ အခြေအနေ အကြောင်းတရား ကိုယ်စီရှိကြတဲ့အတွက် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ကြည့်ရုံ တစ်ခုတည်းနဲ့တော့ မလုံလောက်နိုင်ပါဘူး။ ဒီလိုအခြေအနေမျိုးကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်မှုမရှိဘူး ဆိုရင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်များနဲ့ တိုင်ပင်ပြီးတော့ လိုအပ်တဲ့ အကူအညီတွေကို ရယူသင့်ပါတယ်။ ဒါဟာ အားနည်းချက်ကို ချပြတယ်လို့ မခံယူပဲ လုပ်သင့်လုပ်ထိုက်တာကို ရဲရဲဝံ့ဝံ့လုပ်ဆောင်ခြင်းလို့ပဲ မှတ်ယူသင့်ပါတယ်။ အထီးကျန်ခြင်းဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှု စတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ပတ်သတ်တဲ့ ကိုယ်ပိုင်ခံစားချက်ဆိုပေမယ့် ဒါဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မပေါ့ဆသင့်သော ကျန်းမာရေးအန္တရာယ်တစ်ခုလို့ ဆိုရင်လည်း မှန်ပါတယ်။ လူတွေဟာ ကမ္ဘာကြီးကို အံ့သြမှင်သက်စရာတွေအတိနဲ့ ခေတ်အဆက်ဆက် တည်ဆောက်လာခဲ့ကြပေမယ့် ဘယ်လိုပဲ ခေတ်မှီဆန်းသစ်လှပါတယ်ဆိုတဲ့ အရာတွေနဲ့ လူ့သဘာဝရဲ့ အခြေခံဖြစ်တဲ့ ပေါင်းသင်းဆက်ဆံမှုကို အစားထိုး ဖြည့်ဆည်းနိုင်စွမ်း မရှိသေးပါဘူး။

တိရိစ္ဆာန်အများစုဟာ သူတို့ရဲ့ လိုအပ်ချက်တွေကို သူတို့နေထိုင်ရာ ပတ်ဝန်းကျင်ကနေ ရယူလေ့ရှိပါတယ်။ လူတွေကတော့ လူအချင်းချင်းကနေ ရယူကြရပါတယ်။ ကိုယ့် အသိုင်းအဝိုင်း ကိုယ့်ဝန်းကျင်ကို ကိုယ်တိုင် တည်ဆောက်ဖို့လိုအပ်ပါတယ်။ အဲတော့ အတူတူကြိုးစား တည်ဆောက်ကြည့်ရအောင်ပါ။ ဒီနေ့ပဲ သူငယ်ချင်းတစ်ယောက်ယောက်ကို စပြီး ဆက်သွယ်ကြည့်ကြရအောင်။ ကိုယ်ဟာ အထီးကျန်နေလား အထီးမကျန်ဘူးလား တွေးမနေပါနဲ့။ ဒါမှမဟုတ်လည်း စကားမပြောဖြစ်တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်ယောက်ဆီကို စာရေးပါ။ အိမ်ထောင်ကျသွားလို့ပဲဖြစ်ဖြစ်၊ လုပ်ကိစ္စ ကျောင်းကိစ္စနဲ့ပဲ ဖြစ်ဖြစ် အဝေးရောက်နေတဲ့ မိသားစုဝင် တစ်ယောက်ယောက်စီ ဖုန်းဆက်ကြည့်ပါ။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ကို ကော်ဖီသောက်ရင်း စကားပြောဖို့ ဖိတ်ခေါ်ကြည့်ပါ။ ပြီးတော့ သွားရမှာကြောက်နေတာပဲ ဖြစ်ဖြစ်၊ ပျင်းနေတာပဲ ဖြစ်ဖြစ်၊ နေ့ရွှေ့ညရွှေ့နဲ့ မသွားဖြစ်သေးတဲ့ တစ်နေရာရာကိုသွားပါ။ (Gym တို့၊ ပြပွဲတစ်ခုခုတို့ ပေါ့) လူတစ်ယောက်နဲ့ တစ်ယောက်က မတူနိုင်တဲ့အတွက် ကိုယ်နဲ့ ဘယ်နေရာက သင့်တော်တယ်ဆိုတာ ကိုယ်ပဲ အသိဆုံးပါ။ ဘာအကျိုးရလာဒ်မှ ဖြစ်မလာသေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါဆိုလည်း ဘာပြဿနာမှ မရှိပါဘူး။ ဘာမျှော်လင့်ချက်နဲ့မှ မလုပ်တာ အကောင်းဆုံးပါပဲ။ အဓိက ရည်ရွယ်ချက်ကတော့ ကိုယ့်ဘက်က ဖြည်းဖြည်းချင်း လမ်းဖွင့်ပေးဖို့ပါပဲ။ အဲဒီတော့မှ ညောင်းချိနေပြီ ဖြစ်တဲ့ ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ဆိုင်တဲ့ အာရုံကြောတွေက တဖြည်းဖြည်းနဲ့ ပြန်လည်သန်မာလာမှာပါ။ သို့မဟုတ် ကိုယ့်ဘေးက အဲလို အခြေအနေမျိုးနဲ့ ကြုံနေရတဲ့ လူတွေကိုလည်း ကူညီပေးပါ။

ဒီ ဗီဒီယိုအတွက် သုတေသနလုပ်ရင်း ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်နှစ်အုပ်ကိုလည်း ဖတ်ကြည့်ဖို့အတွက် တိုက်တွန်းချင်ပါတယ်။

1. Emotional First Aid by Guy Which - ဒီစာအုပ်ထဲမှာတော့ အထောက်အကူဖြစ်ပြီး လိုက်လုပ်ရတာလွယ်တဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ အထီးကျန်မှုကို ကုစားမလဲဆိုတာကို ဖော်ပြထားပါတယ်။
2. Loneliness Human Nature and the Need for Social Connection by John Cacioppo and William Patrick - ဒီစာအုပ်မှာတော့ ဘာကြောင့် လူတွေဟာ အထီးကျန်ခြင်းကို ဇီဝဖြစ်စဥ်အရ ကြုံတွေ့ရသလဲ၊ လူအဖွဲ့အစည်းအတွင်း ဘယ်လိုတွေ ပျံ့နှံ့နေသလဲ၊ သိပ္ပံရှုထောက်နေ ဘယ်လို လွတ်မြောက်အောင်လုပ်မလဲ ဆိုတာကို သိပ္ပံနည်းကျ ဖော်ထုတ်မှုတွေနဲ့ မပျင်းရအောင် ရေးသားထားပါတယ်။

ဝန်ခံချက် - ဤဆောင်းပါးသည် Youtube channel တစ်ခုဖြစ်သော  Kurzgesagt – In a Nutshell ရဲ့ Loneliness ဗီဒီယိုကို ဘာသာပြန် ထားခြင်းဖြစ်ပါသည်။ ထိုကြောင့် ဤဆောင်းပါးပါ အချက်အလက်များ အားလုံးသည် မူရင်းဗီဒီယို၏ အာဘော်သာ ဖြစ်ပါသည်။

Disclaimer

Content credit goes to Kurzgesagt – In a Nutshell.

Credit

Cover Photo by Fabrizio Verrecchia on Unsplash.

Arkar

A guy who has wasted a decade for nothing.