ဒရိုင်ဘာ မိအေး

Mar 21, 2020

မိအေး ကားစမောင်းတတ်တာ တက္ကသိုလ် တက်နေတုန်း။ အဖေနဲ့ အမေက နယ်မှာနေကြတယ်။ ရန်ကုန်မှာ မောင်နှမသုံးယောက်က တိုက်ခန်းလေးနဲ့ အဖေ့အလုပ်ကရတဲ့ ဆလွန်းကားလေးကို ရန်ကုန်ပို့ပေးထားတယ်။ ပုံမှန်တော့ အိမ်မှာဘဲ ဒီတိုင်းထိုးထားတာ။ အမေလာမှ အမျိုးတွေအကူအညီတောင်းပြီး လိုက်မောင်းပို့လို့ ဟိုဟိုဒီဒီ သွားရတာ။ အဲ့လိုနဲ့ ကားရပ်ထားရမယ့်အတူတူ ကားမောင်းတတ်ရင်တော့ အဆင်ပြေမယ်ဆိုပြီး မိအေးကို ယာဉ်မောင်းသင်တန်းပို့ကြတာပဲ။ သင်တန်းကလည်း သတ်မှတ်ထားတဲ့နာရီနဲ့သင်တာ။ မောင်းရတာက ဂျစ်ကားစုတ်စုတ်ကြီးတွေ၊ ဂီယာထိုးဖို့ အတွင်းအားသုံးရတာကတစ်မျိုး၊ ဘယ်ဟာက လီဗာ၊ ဘယ်ဟာက ကလပ်၊ ဘယ်ဟာက ဘရိတ် မှတ်ရတာကတစ်ဖုံ။ ဆရာက “ရှေ့မှာ အန္တရာယ်” လို့ပြောလိုက်တာနဲ့ ခြေထောက်က ကလပ်နဲ့ ဘရိတ်ပေါ်မှာ တင်ထားပြီးဖြစ်ရမယ်ဆိုပေမယ့် တစ်ခါတစ်ခါ မိအေးခြေထောက်နှယ် ဘယ်ပေါ်ရောက်လို့ ရောက်နေမှန်းကို မသိတာ။

နောက်ပြီး ခက်ခဲနက်နဲတဲ့ ပြောင်းပြန်သီအိုရီတွေလည်း မှတ်ရသေးတယ်။ ဘက်ဆုတ်ရင် စတီယာတိုင် ညာဘက်ဆွဲရင် ခေါင်းကြီး ဘယ်ဘက်ကို ထွက်လာမယ်။ ကားဖင်ညာဘက်ရောက်မယ်။ ဘယ်ဘက်ဆွဲရင် ခေါင်းက ညာဘက်ကိုထွက်လာမယ်။ ကားဖင်က ဘယ်ဘက်ကိုရောက်မယ်။ အဲ့မှာတင်ကားရှေ့တိုး နောက်ဆုတ်ဖို့၊ ကားပါကင်ထိုးဖို့အရေး ဘယ်ညာ/ ညာဘယ်နဲ့ မိအေးတစ်ယောက် တုံဏှိဘာဝေတွေ ဖြစ်နေတာပဲ။

သင်တန်းမှာ နာရီပေါင်း (၂၀)ကြာ သင်ကြားပြီးသကာလ မိအေးရဲ့ စကေးကို အမေက နည်းနည်းလေးမှ အယုံအကြည် မရှိတာ သလာရတယ်။ ကျွမ်းကျင်အဆင့်ကို တက်လှမ်းဖို့ သင်တန်းဆရာကို အိမ်ကိုပင့်ပြီး မြို့ထဲ လမ်းကြောင်းတွေ အမောင်းကျင့်ပေးတယ်။ ဆရာ့ အိမ်ကြွခနဲ့ နာရီအလိုက်ကျသင့်တဲ အင်တန်းစစ် သင်တန်းဖိုးဟာလဲ သင်တန်းနှစ်ခါ တက်သလောက်နီးနီးပါပဲ။ ဒါနဲ့လည်း မရသေးဘူး။ အမေ့ရဲ့ အကိုကြီး၊ ကိုယ့်ရဲ့ ဘဘက အားတဲ့ရက်ဆို အိမ်လာပြီး သွားချင်တဲ့နေရာလည်း လိုက်ပို့၊ ကားမောင်းလည်း သင်ပေး။ ကုန်းလျော မီးပွိုင့်တွေမှာ ဒုက္ခမရောက်အောင်လို့ ကုန်းအတက်/ အဆင်းလေးမှာ ကလပ်နဲ့ လီဗာနဲ့ ချိန်ပြီးနင်းတတ်အောင် သင်ပေးတယ်။ အဲ့လိုညှိနင်းတတ်ရင် ကားက မလိမ့်ဘဲ ပွိုင့်လွတ်တာနဲ့ တန်းထွက်လို့ရမယ်။  ၂ နာရီလောက် လေ့ကျင့်လိုက်တာ ကားလေးမှာ ဆန့်ငင်ဆန့်ငင်နဲ့ ကုန်းလျောလေးမှာ သနားစရာ။ တစ်ခါတစ်ခါ တဗြင်းဗြင်းနဲ့ နဂါးလို မီးခိုးတွေ မှုတ်ထုတ်လို့ပေါ့။မိအေး

Nissan Pulsar Saloon by Google Photo

ကားလေးက အဖြူရောင် နီဆန်းပါဆာဆလွန်းလေး၊ ဖြူဖြူလုံးလုံးချစ်စရာလေးပေါ့။ အခုထိ ကိုယ့်မျက်စိထဲသူ့ပုံ အသေးစိတ်မြင်ကြည့်လို့ရနေတုန်း။ ရှေ့မီးလုံးနှစ်လုံးစလုံးအပေါ်နားမှာ နည်းနည်းဟချင်နေတယ်။ ညာဘက် နောက်ဘီးအပေါ်နားမှာ ဆေးလေးတွေက ပပ်ကြားအက်လေးတွေ ဖြစ်နေတယ်။ နောက်ဖက်နားမှာလည်း မိအေးတစ်ခါ ပါကင်ထိုးရင်း ထိမိထားလို့ ပိစိလေး ကွာနေတာကတစ်ဘက်၊ တိုက်မိထားလို့ ဆေးပြန်မှုတ်ထားတာ ဆေးအရောင်နည်းနည်းကွဲနေတာကတစ်ဘက်။ မိအေးက သူ့ရဲ့ ပင်တိုင်ရေဆေးဆရာဆိုတော့ အသေးစိတ် တစ်ခုချင်း သိနေတာ။ အဲ့ဒီတုန်းက ကားခုံအစွပ်တွေက မီးခိုးရောင်၊ ကားဖုံးဖွင့် ဆီ၊ ရေ၊ လေ၊ ဝိုင် တိုင်းတာလည်း မိအေးပဲ။ ဘဘက သင်ထားပေးတယ်။ လေကတော့ မကြည့်တတ်ပါဘူး။ ဆိုင်သွားပြီး ချိန်မှ လိုရင် ညှိလိုက်တာပေါ့။ တစ်ခါကားဘီးပေါက်တာတောင် မသိဘဲ မိအေးခပ်တည်တည်နဲ့ စတိုင်အပြည့်ဆက်မောင်းနေမိတာ တက္ကစီ ဦးလေးကြီးက ကျော်တက်ရင်း အော်သွားတော့မှ အနီးဆုံးလေထိုးကျွတ်ဖာဆိုင် ဖြေးဖြေးလှိမ့်ရတယ်။

ကားလေးက မော်ဒယ်တော့ မမြင့်ပေမယ့် ကားတွေအခုလောက် မများခင်တုန်းကတော့ ဆလွန်းကားကလေးစီးရတာ သိပ်သဘောကျပေါ့။ ကိုယ်ပိုင်တာမဟုတ်ပေမယ့် ကားလေးနဲ့ သွားရတာများ သိပ်ပျော်။ ကားလေးက အဲကွန်းတော့မရဘူး။ အဲကွန်းဖွင့်လိုက်ရင် အင်ဂျင်က အသံဆူလာပြီး၊ ကားက နင်းလို့ မပြေးတော့ဘူး။ ဘဘက တော့ အားပေးရှာပါတယ်။ မိအေးတို့ ကားလေးက ကုန်းဆင်းဆိုရင်တော့ အရမ်းပြေးတာပဲတဲ့။ အကောင်းမှတ်လို့။ ပုံမှန်လေးပြေးနေရင်​တော့ မှန်လေးတွေချ လေလေးတဖြူးဖြူးနဲ့သိပ်မအိုက်ပါဘူး။ ကားတွေကြပ်နေတဲ့အထဲ တိုးရရင်တော့ ချွေးတွေဆိုတာ သီးနေတာပဲ ကိုယ့်မျက်နှာမှာ။ ဦးလေးကြီးတွေနဲ့ လမ်းတွေလုနေရတဲ့ ဇောချွေးက တစ်မျိုး။ ကလပ်ကလည်း နည်းနည်းမာတော့ အားစိုက်နင်းရလို့ တစ်ဖုံ။ နောက်တော့ ဘဘကပြောတယ်။ မိအေး ဖိနင်းချက်နဲ့ ကလပ်တော်တော်ကျသွားလို့ ပြန်တင်ရတယ်တဲ့။  ကားပိတ်လို့ တိုးဝှေ့တဲ့အချိန်ဆို တစ်ချိန်လုံး ကလပ်၊ ဘရိတ် နင်းနေရတာနဲ့ ဂီယာ ၁ နဲ့ ၂ နဲ့က မတက်နိုင်ဘူး။ ဒူးတွေလည်းချောင်လို့။ ကားမောင်းပြီး ဒူးနာရတဲ့ မိအေးနှယ်ပါ။

Photo by Unsplash 

အမေ့ဆီက ကားမောင်း ပါမစ်ကျဖို့က လွယ်လွယ်ကူကူတော့ မဟုတ်ခဲ့ဘူး။ ကားပေးမမောင်းလို့ မိအေး ဘယ်လိုလုပ်ရသလဲဆိုတော့။ တစ်ရက် အမေမရှိတဲ့အချိန်၊ ရေသန့်ဘူးအခွံနှစ်ဘူးကားပေါ်တင်ပြီး မောင်လေးကိုလည်း အဖော်ခေါ်၊ ၈ မိုင်လမ်းဆုံကို ရေသွားလဲတယ်။ အိမ်မှာရေမရှိတော့လို့ မထွက်မဖြစ်မို့ အနစ်နာခံ ကားမောင်းထွက်ရတဲ့ အချိုးမျိုး။ စိတ်တွေဆိုတာလှုပ်ရှားတာ တအား။ ပထမဆုံးအကြိမ် ဂေါ်လီလုပ်ခြင်းပဲ။  အိမ်ဘက်ကနေ လမ်းပေါ်ကို ဖြတ်တက်ရတယ်။ ရှစ်မိုင်မီးပွိုင့်ကျ ဖရီးကြောက အသာလေးဝင်၊ မဟာစည်နားမှာ ဂငယ်ကွေ့ကွေ့တာ ဆလွန်းသေးသေးလေးကို လွတ်အောင်မကွေ့တတ်လို့ ခေါင်းမလွတ်မှာစိုးလို့ တွေ့တဲ့ ဘေးလမ်းကြားထဲ ခေါင်းထိုးဝင်။ ဖြစ်ချင်တော့ လမ်းက ကမူတွေ ခဲတွေနဲ့ ကုန်းအဆင်းအထစ်ကြီး။ လမ်းပေါ်ပြန်ထွက်တော့ ပြဿနာတွေ တက်တာပဲ။ ပြည်လမ်းပေါ်အရှိန်နဲ့ သွားနေတဲ့ကားတွေကို ကြောက်လို့ ကုန်းအတက်မှာ လမ်းပေါ်ခေါင်းလေးတင်ထားလိုက် နောက်ပြန်လိမ့်သွားလိုက်နဲ့။ ကားလွတ်တဲ့တစ်ချီမှ လီဗာကို ဖိနင်းပြီး မတရားကွေ့တက်လိုက်တာ ပလက်ဖောင်းနဲ့ တာယာနဲ့ရှပ်တိုက်ပြီး ညှော်နံ့တွေပါထွက်တယ်။ ဘော်ဒီမထိပြီးတာပဲ အမေမသိလောက်ပါဘူးပေါ့။ ရှစ်မိုင်မှာ ရေလဲ။ အပြန်ကျ မီးပွိုင့်ကကွေ့ကြောပေးတော့ အိုကေမှာ စိုပြေ။ အိမ်ရောက်လို့ အမေသိသွားတော့ အရှိုးရာလေးထင်အောင်အရိုက်ခံရတယ် ခြေသလုံးကို။ အဲ့တာ နောက်ဆုံးအရိုက်ခံဖူးတာပဲ။ ဘာပဲဖြစ်ဖြစ် အောင်မြင်တယ်။ အနာခံမှ အသာစံရ မဟုတ်လား။ နောက်ကျတော့ တဖြည်းဖြည်း အမေက ဟိုသွားမယ်။ ဒီသွားမယ် ဖြစ်လာတယ်။ ဘာနဲ့သွားမှာလည်းဟင်လို့ မသိမသာလေးမေးလိုက်၊ အဖြေ - ဟဲ့ ကားနဲ့သွားကြမယ်လေ။

အမေဟာလေ မယုံတော့လည်း သူပဲ။ ယုံတော့လည်းဇွတ်ကြီး။ အခုမှ မောင်းတတ်တဲ့သူအတွက် အမေသွားတဲ့နေရာတွေကလေ ကျဉ်းကြပ်ထဲတွေချည်းပဲ။ မီးပွိုင့်ထိပ်က ဆိုင်တွေမှာပဲ စျေးဝယ်တယ်။ ကားတွေက ပွိုင့်ထိပ်မှာ ဖရီးဝေးနဲ့ ဆိုတော့ ပိတ်ရပ်လို့မရ။ မော်တော်ပီကယ် ဖမ်းတာကနောက်၊ နောက်ကဝင်တိုက်တာပဲဖြစ်ဖြစ် အော်ဆဲသွားတာပဲဖြစ်ဖြစ်က အရင်။ ဒါနဲ့ အနီးက အိမ်ရာဝင်းက လမ်းကျဉ်းလေးထဲဝင်၊ မရမကတွေ ပြန်ကွေ့ထွက်၊ လမ်းလေးက ကျဉ်းကျဉ်း ဘေးမှာ မြောင်းလေးတွေနဲ့။ လုံခြုံရေးဦးလေးကြီးလည်း မနေရ ကားကူကြည့်ကြရ။ နောက်ပြီး အမေ့ကိုလေ ရပ်မယ်ဆိုကြိုပြောဆိုလည်း မရဘူး။ တွေ့ပြီ တွေ့ပြီ ရပ်တော့၊ ညာဘက်မှာ ရပ်လိုက်တော့ စသဖြင့် ကားကို ဝုန်းကနဲ ဒိုင်းကနဲတွေ ရပ်ခိုင်းတာ။ ပြီးတော့ လုပ်သေးတာ မီးပွိုင့်ရောက်တော့မယ် ကွေ့ရမှာကြိုပြောဆိုလဲ၊ ညာကွေ့မယ်ပြောထားပြီးမှ ဟဲ့ငါပြောတာက ဘယ်လေ နင်က ဘယ်ကိုသွားနေတာလဲလို့ ပြောတာဆို။ မိအေး မကျွမ်းကျင်ဆုံးက ဘက်မှန်ကို ကြည့်ပြီး မမှန်းတတ်တာပဲ။ သေချာလွတ်ပြီဆိုမှ လိုင်းကူးရဲတယ်။ တစ်ချို့က ဟထားပေးလည်း မိအေး မဝင်ရဲဘူး။ အဲ့တော့ ဘယ်နဲ့ ညာကူးဖို့ဆိုတာ nightmare ပဲ။ ရှေ့မှာ တစ်ခုခု ဘလော့ဖြစ်နေရင် တော်တော်နဲ့ မရှောင်တတ်ဘူး။ ရှင်းတဲ့အထိစောင့်ရတယ်။ ကြိုးစားပန်းစား ခေါင်းထွက်တော့လည်း မလျော့ပေးတဲ့သူနဲ့တွေ့ရင် အဆဲခံရတာပဲ။

မိအေး အလုပ်ရခါစက ရုံးကို ကားလေးယူသွားတယ်။ ကြွားချင်လို့လား ဘာလားတော့မသိပါဘူး။ စတီယာတိုင်ကိုင်ရရင်ကို လူကပျော်နေတာ။ လမ်းတွေရှင်းလို့ တဝူးဝူးမောင်းရရင် သိပ်ပျော်တာပေါ့။ ရုံးကအပြန် မြန်မြန် ၈ မိုင်ကို ကျော်နိုင်မှ ကားရှင်းတယ်လေ။ နို့မို့ ၅ မိနစ်လည် ၅ မိနစ်ပဲ ပြည်လမ်းကြီးဟာ ကားတွေနဲ့ တောင့်တောင့်ကြီးဖြစ်သွားရော။ အဲ့တာကြောင့် ရုံးဆင်းတာနဲ့ ကားပေါ်အပြေးတက် မီးပွိုင့်တွေ အပြေးဖြတ်တာပဲ။ တစ်ရက် အဲ့လိုအသဲအသန်မောင်းချလာလိုက်တာ၊ ရုတ်တရတ် မီးပွိုင့်ရောက်လို့ ဘက်မှန်ကြည့်မိတော့ ဘုရား ဘုရား မှန်ထဲမှာလူပုံကြီး။ ဘယ်သူ့ပုံဖြစ်မလဲ မိအေးမှ မိအေး ဘက်မှန်တွေ မထုတ်ဘဲ မောင်းလာတာ။

Myanmar Traffic by Google Photo

မိအေးလေ ကားဘက်ဆုတ်ရင် ခေါင်းထွက်ကြည့်လိုက်ရမှ အားရတာ။ တောကျလိုက်ပုံ။ အခုများ နောက်ကြည့်ကင်မရာတွေပါလည်း မကြည့်တတ်ပေါင်။ ကိုယ်မောင်းတဲ့ဘက် ခေါင်းထွက်ကြည့်လိုက်တာဘဲ။ ကိုယ့်ဘက်အလွတ်ဆွဲ ကျန်တစ်ဖက်ကတော့ မှန်းပြီးတော့ပေါ့။ ဘဘကဆို အမြဲမှာထားတာ။ ကိုယ့်ကားရဲ့ ဗြက်အကျယ် အလျားကို သိနေအောင်လုပ်ထားရမယ်။ အဲ့တာမှ ပါကင်ထိုး ကျွမ်းကျင်မယ်။  ကားမောင်းရင် ကိုယ့်ရှေ့ကားကို ကပ်မောင်းထား အနောက်ကို ဖြတ်ထား။ ဒါမှ တစ်ခုခုဆိုရင် ရှေ့မှာပိတ်နေတာဆိုရင် ချက်ချင်း လိုက်ပြောင်းတာတို့၊ ကိုယ့်မှာတစ်ခုခုကြောင့် ကားရုတ်တရတ်ရပ်လိုက်ရရင်လည်း နောက်ကားမနီးတော့ ဘေးကင်းတယ်။ ကားမောင်းခါစက ဘာပြောလဲဆိုတော့ တခုခုဆိုရင် တိုက်ချင်တာနဲ့သာ ဝင်တိုက်လာခဲ့။ ရှင်းလို့ရတယ် လျော်လို့ရတယ်။ တစ်ခုပဲ လူတော့ မတိုက်မိစေနဲ့တဲ့။

ကိုယ်လည်း တော်တော်ကျွမ်းကျွမ်းကျင်ကျင် (မိအေး အထင်ပေါ့နော်) မောင်းတတ်ပြီးတော့ အဖေလည်းအလုပ်ထွက်၊ ကားလေးပြန်အပ်လိုက်ရတယ်။ အဖေ အသစ်ဝယ်တဲ့ အော်တိုဂီယာ ကားလေးက ကိုယ်နဲ့သိပ်အစေးမကပ်ပါဘူး။ ဘာလိုလို့ လိုနေမှန်းမသိဘူး။ စေးစေးပိုင်ပိုင်မရှိပုံများ၊ ဘရိတ်လွှတ်တာနဲ့ ကားကသွားနေရော။ ကားကောင်းတော့ မိအေးကိုလည်း ပေးမမောင်းတော့ပါဘူး။ မိအေးကတော့ ကိုယ့်ရဲ့ အပေအတေခံ ကိုယ်ပြုသမျှနုရရှာတဲ့ ပေါက်စိလေးကို သတိရမိပါရဲ့။ ကျေးဇူးလည်းတင်တယ်။ သူ့ကြောင့် မိအေး ကားမောင်းတတ်သွားခဲ့တာ။

ကားမောင်းရင်းနဲ့လည်း သင်ခန်းစာတွေရပါရဲ့။ မိအေးက ပြည်လမ်းမှာ ကားမောင်းရတာ အကြိုက်ဆုံး။ လမ်းလဲကောင်း၊ ကျယ်လည်းကျယ်ပြီး ကားတွေကလဲ ထောက်မနေဘူး။ တောက်လျှောက်ပြေးနေတာ။ အဲ့လိုနဲ့ တစ်ရက် ပြည်လမ်းပေါ်မှာ ဘဘနဲ့ မောင်းနေတုန်း လမ်းသွယ်က ကားတစ်စီးက အရှိန်မလျော့ဘဲ အတင်းတက်လာတာ ကိုယ်ကလည်း ဘယ်ရမလဲ။ မောင်းတတ်ခါစ အစွမ်းသိပ်ပြချင်၊ လီဗာမလျော့ဘူး။ ဘဘက ဘေးကနေ လီဗာလျော့ခိုင်းတယ်။ ကိုယ်နဲနဲလျော့လိုက်တာနဲ့ သူလွတ်သွားတယ်။ ကိုယ်က ဘဘကို အတွန့်တက်တယ်။ ဘဘကလည်း သမီးက လမ်းမှန်ပဲဟာကို။ ဘဘက တိုတိုတုတ်တုတ် တစ်ခွန်းပြောခဲ့တာ ခုထိ မမေ့ဘူး။ “အေး အဲ့လိုဘဲ လောကမှာလေ မှန်မှန်လေး သေသွားကြတာအများကြီးတဲ့။” ကိုယ်မှန်တိုင်း ရှေ့တိုးလုပ်လို့မရတာတွေ အများကြီးရှိသတဲ့။ ဒါပေမယ့် ဘဘကတော့ ဆုံးတဲ့အချိန်ထိ သူမှန်တယ်ထင်တဲ့ ပုံစံအတိုင်း နေထိုင်ခဲ့တဲ့ လူမှန်ကြီးတစ်ယောက်ပါပဲ။

အဲ့လိုနဲ့ မိအေး ကားမမောင်းဖြစ်တာလည်း ကြာခဲ့ပြီ။ အခါအခွင့်ရရင်တော့ မိအေး အစွမ်းတွေ ပြချင်ပါသေးရဲ့။ ဒီဘက်ခေတ်မှာ Manual သေချာမောင်းတတ်တဲ့သူ သိပ်မရှိတော့ဘူး မဟုတ်လား။ မိအေးကတော့ ဘာလာလာမောင်းတတ်တယ်လို့ ကြုံတိုင်းကြွားဖို့ ကြံနေတုန်းပဲ။ ထီပေါက်လို့ပဲဖြစ်ဖြစ် ရာထူးတိုးလို့ပဲဖြစ်ဖြစ် ကားစီးနိုင်မယ့်နေ့ရက်တွေကိုလည်း မိအေး မြန်မြန်ရောက်စေချင်လှပေါ့။