ရထားစီးသွားသော နေ့စွဲများ အကြောင်း

နံနက်ဘက် ဖုန်းက နှိုးစက်မမြည်လည်း ပုံမှန်နိုးနေဆဲပဲ။ ဒီအချိန်မှ မနိုးရင် ဆွမ်းလောင်းဖို့ ထမင်းဟင်း မမီနိုင်၊ ထမင်းချိုင့်လည်း မမီနိုင်ဘူး၊ နောက်ဆုံး အလုပ်သွားဖို့ ရထားလည်းလွတ်သွားနိုင်တယ်။ ဘေးမှာ အိပ်နေတဲ့အငယ်မကို နှိုးရတယ်။ ထမင်းအိုးတည်ဖို့။ ကိုယ်က ညကအမေမှာထားတဲ့အတိုင်း အမေဈေးဝယ်ပေးထားတာကို ဟင်းချက်ဖို့ ပြင်တယ်။ ချက်ပြုတ်ပြီး ရေချိုးဖို့ကြည့်တော့ ၇ နာရီထိုးတော့မယ်။ ဒါဟာအမြဲ အချိန်ကိုက်ပဲ၊ ဘယ်တော့မှမစောဘူး။  ရေမိုးချိုး၊ မျက်နှာလိမ်းပြီးရင် ထမင်းချိုင့်ထည့်တော့ ၇ နာရီ ၂၀၊ တခါတလေ နောက်ကျရင်တော့ အပေါ်ထပ်ကနေပဲ  အငယ်မကို ထမင်းချိုင့်ထဲ ဘာတွေ ဘယ်လိုထည့်လို့ လှမ်းအော်ရတယ်။

အဲ့ဒီအချိန်ဆို အမေနိုးလို့ အိမ်အောက်ထပ်ကိုဆင်းလာပြီ။ ကိုရင်လေးတွေ ကြွလာရင် ဆွမ်းလောင်းဖို့ မနက်ဆွမ်းတော်ကပ်ဖို့ အမေ ဆက်လုပ်လိမ့်မယ်။ ကိုယ်က ထမင်းချိုင့်ထည့် မနက်စာမီရင်စားဖို့နဲ့ အချိန်မမီရင်မုန့်တစ်ခုနဲ့ ကော်ဖီဖျော်ပြီး ဓါတ်ဘူးထဲ ထည့်သွား။ ရထားပေါ်ရောက်မှ အေးဆေး သောက်ရုံပဲ။

ကိုယ်နေတဲ့နေရာကနေ ရုံးရောက်ဖို့ကို မြို့ပတ်ရထား ၁ နာရီခွဲလောက် စီးရတယ်။ ရထားက ဘဝများစွာရဲ့ ဆုံမှတ်တစ်ခု။ အရင်က ဘတ်စ်ကားနဲ့ သွားနေရာကနေ ကားလမ်းတွေ ကျပ်လာတဲ့နောက်မှာ မြို့ပတ်ရထား စနစ်ကိုလည်း အဆင့်မြှင့်တင်လိုက်တော့ ရထားစီးပြီးအလုပ်သွားရတာက နေ့စဉ် လူနေမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတယ်။ ရထားပေါ်မှာ ကျောင်းသား/ ကျောင်းသူတွေ၊ အလုပ်သွားကြသူတွေ၊ ဘုန်းဘုန်းတွေ၊ ရှေ့နေဦးလေးကြီးတွေ၊ နိုင်ငံခြားသားကြီးတွေ၊ ဈေးသည်ကြီးတွေ လူတွေမှစုံလို့။ ရထားတွဲဆိုင်းတွေလည်း ပြောင်းပြီး အရင်ကထက် ပိုသန့်ပြန့်လာတဲ့နောက် ရထားကို တော်တော်များများစီးလာကြတော့ ရုံးသွားချိန်နဲ့ ရုံးအပြန်ဆို လူတွေအပြည့်ပဲ။

Circular train by Unsplash

ဘုရားကို ပေါက်ဆိန်ပေါက် ဦးသုံးကြိမ်ချပြီးရင် ၇ နာရီခွဲလောက် အိမ်ကထွက်မှ ၁၀ မိနစ်လောက် အိမ်ကနေ ဘူတာကို အေးဆေးလမ်းလျှောက်၊ လက်မှတ်ဝယ်လို့ပြီးရင် ရထား​ပေါ် ပုံကျပန်းကျတက်နိုင်မယ်။ နို့မို့ဆိုရင် ခြင်းတောင်းဆွဲပြီး ဘူတာကို ပြေးပေရော့၊ အမောတောင်ဆို့တယ် တစ်ခါတစ်လေဆို။ အိမ်ကထွက်တာနဲ့ အမေက သူပြောနေကြလေးတွေ ရေဒီယိုဖွင့်သလို ဆက်တိုက် လွှင့်လိမ့်မယ်။ ဟဲ့ ဆံပင်ကို သေချာစည်းမထားဘူး၊ အမြဲ ဘုတ်သိုက်နဲ့၊ ညနေ ‌စောစောပြန်လာနော် နောက်မကျစေနဲ့၊ ဘုရားရော ရှိခိုးသွားရဲ့လား၊ မီအောင်မြန်မြန်သွား။ ကိုယ်ကတော့သွက်သွက်လျှောက်ရင်း အိမ်ရှေလမ်းကွေ့ရောက်တဲ့အထိ ဟုတ် ဟုတ် ဟုတ် အော်သွားလိုက်တာပဲ။

ဘူတာက အိမ်နောက်မှာ ဆိုပေမယ့် ကိုယ်တွေရဲ့ အိမ်ရာဝင်းက သံလမ်းရဲ့ အခြားတစ်ဖက်ဆိုတော့ ရထားရောက်နေရင် ရထားကိုကျော်ပြီးမှ ဘူတာဘက်သွား လက်မှတ်ဝယ်ရတယ်၊ တစ်ခါတစ်လေလည်း ရထားမမီမှာစိုးလို့ ပတ်သွားမနေတော့ဘဲ ရပ်ထားတဲ့ ရထားခုံအမြင့်ကြီးကို ကားရားခွတက် ရထားအပေါက်ဝမှာ တွေ့တဲ့သူတစ်ယောက်ယောက်ကို ဆွဲတင်ခိုင်း၊ ကောင်လေးတွေဖြစ်ဖြစ် အန်တီကြီး ဦးလေးကြီးတွေ ဖြစ်ဖြစ် ရှက်နေမအားပါဘူး။ လက်ကလေး ကမ်းပြီး ဆွဲတင်ပေးပါဦးပေါ့။ အဲ အခုတော့ လူကူး ကုန်းတံတားကြီး ဆောက်ထားပြီ။ ဒါပေမယ့် လူတွေက သံလမ်းကို ပတ်ပြီး သွားနေကြတုန်းပဲ။

ကဲ လက်မှတ်ဝယ်ပြီးရင် ရထားပေါ်မှာ နေမပူတဲ့ဘက် ပြတင်းပေါက်ဘက်ခြမ်း နေရာလေးကိုရှာ။ နေရာရပြီဆိုမှ ဆွဲခြင်းတောင်းချတန်သည်ချ အပိုအထုပ်တွေပါရင် ခုံတန်းပေါ်က ပစ္စည်းတင်တဲ့စင်လေးပေါ်တင်၊ အားလုံးနေရာတကျဖြစ်ပြီဆို ထိုင်ချ သက်ပြင်းရှည်ရှည်မှုတ်ထုတ်၊ ထည့်လာတဲ့ ကော်ဖီဘူးလေးနဲ့ မနက်စာလေးထုတ်စား၊ စားလို့ပြီးရင်တော့ ဖတ်စရာစာအုပ်လေးထုတ်ဖတ်။ ဆောင်းတွင်းပေါက်ရင် မနက် ၇ နာရီကျော် ရထားစီးရတာ လေတဖြူးဖြူးနဲ့ ချမ်းပါချမ်းလို့ ခေါင်းစွပ်လေးဆောင်းပြီး ကော်ဖီပူလေး မှုတ်သောက် ဇိမ်ကျနေရော။ စာလေးဖတ်လို့ မျက်လုံးညောင်းလာရင်၊ ပြီးတော့ ရထားပေါ်မှာ လူတွေလည်း တစ်ဖွဲဖွဲနဲ့ ပြည့်လာရင်တော့ စူးစမ်းလေ့လာခြင်းအမှုကို စတင်ပါပြီ။

ရထားပေါ် လူတွေများလာရင် ကိုယ့်အာရုံကလည်း ခပ်များများရယ်။ တက်လာသမျှ ဈေးသည်တွေ ဘာရောင်းတာလဲ ဆိုတာလည်း သိချင်တယ်။ သူတို့ ကြော်ငြာရင်း ဈေးရောင်းရင်းပြောနေတဲ့ ဟာသတွေကိုလည်း လိုက်ရယ်ချင်တယ်။ ပြတင်းပေါက်မှာ ပေါ်လာသမျှ မြင်ကွင်းတွေလည်း လိုက်ကြည့်ချင်ပြီး ရထားပေါ်မှာ တီးတိုးရော ကျယ်လောင်ကျယ်လောင်ပါ ပြောဆိုနေကြတဲ့ နိုင်ငံရေး၊ လူမှုရေး အကြောင်းအရာတွေကိုလည်း အကုန် လိုက်နားထောင်ချင်တယ်။ အရာရာမှာ စိတ်ဝင်စားစရာ အသစ်အဆန်းတွေ အပြည့်နဲ့ ကမ္ဘာကြီးတစ်ခုကို ရောက်သွားသလိုပဲ။

phone picture

ဆင်းမ်ကတ်တွေ ရောင်းတဲ့ ဦးလေးကြီးက ပြောတယ်။ သူ့ဆီက တစ်ခုဝယ်တိုင်းမှာ ကံစမ်းမဲတစ်စောင် ပေးနေပြီး အမြင့်ဆုံးဆုအကတော့ သဉ္ဇာဝင့်ကျော်ရဲ့ နောက်ဆုံးပေါ် စကတ်လက်ဆောင်ပေးမှာဆိုတော့ ရီလိုက်ရတာ၊ အဲ့ဒီတုန်းက သဉ္ဇာဝင့်ကျော်က တစ်စက်ကလေးမှ မလုံတဲ့ စကက်တစ်ထည်ဝတ်ပြီး ပွဲတစ်ခုတက်လာလို့ ပြောစရာဖြစ်နေတဲ့ အချိန်ထင်တယ်။ ရေခဲချောင်းရောင်းတဲ့ ကောင်လေးတစ်ယောက်ကတော့ အဲ့အချိန်က နွေရာသီ အပူလှိုင်းနဲ့ အယ်လီညိုအကြောင်းခေတ်စားနေတာကို အကြောင်းပြုပြီး “အယ်နီညိုဒဏ်ခံနိုင်ဖို့ ရေခဲချောင်း ဝယ်စားကြစို့” ဆိုပြီး လိုက်အော် ရောင်းနေတာ။ ဖုန်းအားသွင်းကြိုးရောင်းတဲ့ ဦးလေးကြီးကလည်း တစ်ခုနဲ့ အထက် ဝယ်ယူအားပေးရင် သူနဲ့ အတူဓါတ်ပုံတွဲရိုက်ခွင့် ပေးနေပြီ ဖြစ်တဲ့အကြောင်း ကြားတော့ မနေနိုင်ဘူး သူ့ကိုလှမ်းကြည့်မိတာ။

သနပ်ခါးအဖွေးသားနဲ့ သူ့ရဲ့အသံကို ရထားခေါင်းကနေ နောက်ဆုံးတွဲအထိ ကြားရတဲ့ စုံစီနဖာရောင်းတဲ့ အန်တီကြီးလည်း ရှိတယ်။ သူကို့ ကြည့်လိုက်ရင် အမြဲသပ်သပ်ရပ်ရပ်၊ ခေါင်းမှာ ပန်းတွေကလည်း တစ်ရက်နဲ့ တစ်ရက် မထပ်အောင် ပန်ထားတာ အနံ့ကလည်း မွှေးပျံ့လို့။ သူရဲ့ ရောင်းကုန် ပစ္စည်းတွေက ရာသီအလိုက် အပြောင်းအလဲရှိတတ်တယ်။ နှစ်ကုန်ခါနီးဆို ပြက္ခဒိန်တို့ ရထား၊ကား လမ်းညွှန်စာအုပ်တို့၊ သင်္ကြန်နားနီးရင်တော့ သင်္ကြန်စာပေါ့။ ပုံမှန်တော့ များသောအားဖြင့် တိုလီထွာလီလေးတွေ နားဖာကလော်တံ၊ အိုးဖာတိပ်၊ တွယ်ချိတ်၊ အပ်မိသားစု စတာလေးတွေ ခြင်းထဲထည့် လိုက်ရောင်းတတ်တယ်။

circular train by Unsplash

နောက်ပြီး နွားနို့ ကျဲကျဲရောင်းတတ်တဲ့ အကိုကြီးကလဲ ဖောက်သည်တွေ အပြည့်ပဲ။ သမ္မတကြီးက နို့သောက်ဖို့ ပေါ်လစီချထားလို့ မဖြစ်မနေ ဝယ်သောက်ရမယ့်ပုံမျိုး။ ပလပ်စတစ်ဘူးထဲ လှမ်းမြင်ရတဲ့ သူ့နွားနို့က ကျဲတဲတဲ နိုင်ပေမယ့် ဈေးလဲသက်သာ သန့်လဲသန့်လို့ တော်တော်များများက မနက်စာအဖြစ် ဝယ်သောက်တတ်ကြတယ်။ ပြီးတော့ ဟိုသတင်း ကြားပြီးပြီလား ဒီသတင်းကြားပြီးပြီလားနဲ့ သတင်းတွေအကုန် အစတွေ ဆွဲဆွဲထုတ်ပြီး သတင်းစာရောင်းတဲ့ ဦးလေးကြီးလဲရှိတယ်။ သူရဲ့ စျေးကွက်ကိုချဲ့ထွင်နည်းကတော့ သူ့ ဖောက်သည်တွေကို သူက သတင်းစာချထားပြီး နေရာဦးပေးထားတတ်တာပဲ။

အဲ့လို နေရာဦးလို့ရသလားတော့ မမေးနဲ့။ ရထားပေါ် တွေ့သမျှနေရာကို ကြုံသမျှဆွေမျိုးမိတ်သဟာအတွက် ဦးတဲ့သူ၊ ရတဲ့နေရာမှာ ခြေပစ် လက်ပစ်ထိုင်ပြီး အများသူငါကို နေရာမမျှချင်တဲ့သူ၊ ရထားကျပ်တော့ တိုးမိလို့တဲ့ စွာစိလန် ဇတ်ဇတ်ကြဲ ရန်တွေ့တဲ့သူတွေ စုံလို့ပါပဲ။ ကိုယ်ကတော့ ရထားက အိမ်နားက ခေါင်းလှည့် ဂိတ်စပြန်ထွက်လို့ နေရာအတွက် ပူစရာမလိုတဲ့အပြင် လိုချင်တဲ့နေရာ နှစ်ခါ သုံးခါတောင် ပြောင်းထိုင်လို့ ရသေးတယ်။ စထွက်ချင်းဆို လူလဲ သိပ်မရှိသေးတော့ ပါလာတဲ့မုန့်တွေ အကုန်ထုတ်စား တစ်ခါတစ်လေ ဓါတ်ပုံတွေ ဘာတွေတောင် ရိုက်လိုက်သေးတယ်။

ရထားက ပုံမှန် အမြန်နှုန်းနဲ့ပဲ ဘူတာတွေမှာလည်း ပုံမှန်ရပ်နားပြီး သွားတယ်။ အချိန်မဆွဲတတ်ဘူး။ တစ်ခါတစ်လေ သူပျောက်သွားတတ်တာတော့ ရှိတတ်တယ်။ မိုးတွေ အရမ်းရွာတဲ့အခါမျိုး သူ့ကို ဘယ်မှာမှ လိုက်ရှာလို့မတွေ့။ ထူးဆန်းတယ်နော် ဘာလို့ ရထားပျက်တယ်လို့ မပြောပဲ ရထားပျောက်တယ် ပြောကြတာလဲ မသိဘူး။ သူလည်း နေမကောင်းလို့ ခနနားတာ ဖြစ်ပေမပေါ့။

ရထားပေါ်ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းတွေကလည်း တစ်ရက် တစ်ရက် ရိုးမသွားနိုင်ဘူးရယ်။ မြို့ပတ်ရထား စီးတာကပကာသနတွေ အပြည့်နဲ့ရန်ကုန်ရဲ့ မျက်နှာဖုံးခွာချကြည့်ရသလိုမျိုး။ တစ်ချို့နေရာတွေမှာ အမှိုက်လွင်ပြင်ကြီး ပေါ်လာမယ်။ အဲ့ဒီနားမှာ ခွေးပိန်လေးတွေ ဟိုဟိုဒီဒီ အစာရှာဖွေ။ တစ်ခါတစ်ခါ ကလေးလေးတွေ ပစ္စည်းတွေရှာဖွေ။  တစ်ချို့နေရာကျ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေ တွေ့ရတယ်။ ပြီးတော့ ရေညိုညိုညစ်ညစ်ကြီးတွေ ဖြတ်သန်းစီးဆင်းနေတဲ့ ရေစီးလမ်းတွေလည်း ပါတယ်။ ကွယ်ဝှက်ထားတဲ့ ရန်ကုန်ရဲ့ အပိုင်းအစတွေပေါ့။ ရထားသံလမ်းတွေနား ကပ်ရောင်းတဲ့ ကုန်စိမ်းဈေးလေးတို့  ညနေဘက်မှ စည်စည်ကားကားထွက်ခင်းတဲ့ ညနေဈေးလေးတွေလည်း ရထားသံလမ်းနားလေးတင် လူတွေရောင်းဝယ် စည်စည်ကားကား ရှိကြတယ်။ ကျူးကျော်တဲလေးတွေကတော့ တော်တော်များများ ရထားလမ်းဘေး တစ်လျှောက်မှာပဲ။

phone picture

ညနေဘက် ရထားပေါ်မှာတော့ ဈေးသည်​တွေရဲ့ ဘဝကို ရင်သပ်ရှုမောဖွယ် ခံစားမြင်ရတယ်။ အချင်းချင်း တစ်နေ့တာ စီးပွားရေးအကြောင်း သတင်းတွေ အတင်းတွေ ဘဝအမောတွေ ဖလှယ် ပြောဆိုကြပြီ။ တစ်ရက်စာ ချက်ပြုတ်လာသည်များ ရောင်းကုန်တဲ့သူရှိ၊ ကျန်နေသေးသူရှိ။ ရောင်းမကုန်တဲ့သူကလည်း သူတို့ အချင်းချင်း ဝေခြမ်းပြီး ဘာကတော့ ကုန်ပြီး ဘယ်ဟာကိုဖြင့် မတတ်နိုင် သွန်ခဲ့ရတယ်လို့ ညည်းညူကြ။ အထူးသဖြင့်တော့ ဘူတာတွေမှာ စတည်းချ ရောင်းတတ်သည့် ခေါင်းရွက် ဗျပ်ထိုး စျေးသည်တွေရဲ့ ဘဝ။  တစ်ချို့က မြန်မာ မုန့်ပဲသွားရည်စာ ရောင်းပြီး တစ်ချို့က ရာသီပေါ် အသီးအနှံ ခွဲစိပ်ရောင်းတယ်။ တစ်ချို့က  မနက်က မုန့်တစ်ခု ၂၀၀ ဆို အပြန်ကျ ၁၀၀ စျေးလျှော့ပြီးရောင်းကြတယ်။ တစ်နေ့တာ လုပ်ငန်းခွင်ကအပြန် ပင်ပန်း ဆာလောင်ချိန်ဖြစ်လို့ ဝယ်စားကြတဲ့သူတွေ တော်တောများများ တွေ့ရတာပေါ့။ တစ်ချို့က ဘူတာဆုံးမှ နောက်တစ်ဆင့် အိမ်ရောက်အောင် ကားထပ်စီးရမယ့် သူတွေ၊ တစ်ချို့ကလည်း ရတဲ့နေရာလေးမှာ ရသလောက်လေး မှေးလို့။

လူတွေကိုလည်း လိုက်ကြည့် ပတ်ဝန်းကျင်ကိုလည်း လိုက်ငေးရတာ မအားနိုင်ပါဘူး။ အဲ့လိုနဲ့ တစ်နာရီခွဲ ရထားစီးချိန်ဟာ ကုန်မှန်းမသိ ကုန်လို့ အိမ်နားကို တဖြည်းဖြည်းချင်း ရောက်လာ။ ညနေဘက်ဆိုရင်တော့ အိမ်အပြန်လမ်းက သိပ်လှတာပဲ။ အိမ်နားရောက်လေ ပိုလှလေ။ ရထားသံလမ်း ဘေးတစ်လျှောက် ကန်ဇွန်းခင်းတွေနဲ့ လေယာဉ်ကွင်းကြီးနဲ့။ ညနေဘက် လမ်းထွက်လျှောက်ကြသူတွေကိုလည်း တွေ့ရတယ်။ လေယာဉ်ပြေးလမ်းတွေက မီးစထွန်းချိန် တဖျတ်ဖျတ်နဲ့။ နေဝင်ရီတရော ခပ်ဝေးဝေးမှာ တိမ်တွေတောက်နေတာ ကောင်းကင်ကြီးက ပုစွန်ဆီရောင်သန်းလို့။ ဘုန်းကြီးကျောင်းဝန်းအကျယ်ကြီးတွေ၊ စိုက်ခင်းတွေ၊ မြေကွက်လပ်တွေ၊ ဘဲငန်းတွေ၊ ကလေးတွေ၊ ခွေးတွေ။

စိုက်ခင်းထဲက တဲအိမ်လေးမှာ သက်ကယ်မိုးလေးကမလုံ မိုးယိုလို့ ထင်ပါရဲ့၊ အလကားရထားတဲ့ ကြော်ငြာပိုစတာ ဗီနိုင်းအချပ်ကြီးကို လွှမ်းထားတယ်။ ကြော်ငြာထားတာက ရန်ကုန်မြို့လယ်ကောင်မှာ အသင့်နေထိုင်နိုင်မယ့် ကွန်ဒိုတိုက်ခန်းကြော်ငြာတစ်ခု။ မြင်ကွင်းတွေကနေ တွေးစရာလေးတွေလည်း ရမိတယ်။ အတွေးတွေကနေ စာတွေရေးဖြစ်လာပေါ့။ မတူညီတဲ့ ဘဝတွေ ကျင်လည်ရာ ရန်ကုန်မြို့တော်။

Circular train by Unsplash

ကြာတော့ တွေ့နေကြလူတွေကို အလွတ်ရလာတယ်၊ သူကတော့ ဘယ်ဘူတာမှာ ဆင်းမှာ၊  ဘယ်ဘူတာရောက်ရင် ဘယ်သူတွေတက်လာမှာ။ မြို့ထဲမှာ ကိုယ်နဲ့ ဘူတာ အတူတူဆင်းကြသူတွေကိုလည်း မျက်မှန်းတန်းမိလာတယ်။ တစ်ခါတစ်ခါ စကားစမြည်လည်း ပြောရတာပေါ့။ တက်တဲ့သူတွေကလည်း ခပ်သုတ်သုတ်တက်လာ။ ဆင်းကြတဲ့သူတွေကလည်း မြန်မြန်ဆင်းကြနဲ့ နေ့စဉ် လှုပ်ရှားရုန်းကန်မှုတွေမှာ ရထားလေးဟာ အရေးပါတဲ့ စရိတ်သက်သာတဲ့ သယ်ယူပို့ဆောင်ရေးယန္တရားလေး တစ်ခုပေါ့။ နောက်တစ်ရက်ကျရင်လည်း ဒီလိုပဲ ပုံမှန်အတိုင်း သူသွားလာနေဦးမှာပဲ။ ဈေးသည်ကြီးတွေအတွက် နေရာဦးကြသူတွေအတွက် အလုပ်သွားကြသူတွေအတွက်။ ကိုယ်ကလည်း သူတို့ကို ကြည့်ရင်း ပြုံးလိုက် ရယ်လိုက်နဲ့ ခံစားမှုမျိုးစုံအတွက် အတွေးနယ်ချဲ့ရဦးမှာပါပဲလေ။